မီဒီယာတွေအတွက် တောင်တရုတ်ပင်လယ်ပဋိပက္ခမှာ တရုတ်နဲ့ ဖိလစ်ပိုင်အကြား တင်းမာမှုမြင့်တက်သထက် မြင့်တက်နေတာကြီးက အာရုံဖမ်းစားစရာဖြစ်နေတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရရဲ့ ရိုင်းစိုင်းပြီး ခိုင်မာတဲ့ နည်းပရိယာယ်ချမှတ်မှုနဲ့ တောင်တရုတ်ပင်လယ်မှာအနိုင်ကျင့်စိုးမိုးမှုခံနေရတဲ့ နောက်တစ်နိုင်ငံလည်း ရှိနေပါ တယ်။ ဒါကတော့ ဗီယက်နမ်ဖြစ်ပြီး သူတို့ရေပိုင်နက်ထဲ တရုတ်သုတေသန ရေယာဉ်တွေ လာရောက်ကျောက်ချ ထားနေမှုကြီးက ဗီယက်နမ်အတွက် စိုးရိမ်သောကာဗျာပါဒလည်း များနေစေခဲ့ပါပြီ။
မီဒီယာတွေက တရုတ်ကမ်းခြေစောင့်တပ်နဲ့ ဖိလစ်ပိုင် ရေတပ်တို့အကြား ဒီလပိုင်းထဲတင်းမာမှု ပိုမိုပြင်းထန်လာတာကို မီးမောင်းထိုးဖော်ပြနေချိန် ဗီယက်နမ်ကလည်း သူတို့ ရေပိုင်နက်ထဲ တရုတ် သုသေတနသင်္ဘောတွေ လာရောက်တည်ရှိနေခြင်းအပေါ် ဥပဒေနဲ့မညီညွတ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်လို့ တရုတ်အစိုးရအနေနဲ့ ဒီမတရားမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းမှုတွေ လုပ်နေရပြီဖြစ်ပါတယ်။
တရုတ်ကတော့ ရေကြောင်းမီးခိုရောင်ဇုန်ဗျူဟာတွေ (maritime Gray zone strategies) အတိုင်း တရုတ် ရေယာဉ်တွေကို ဗီယက်နမ်အထူးစီးပွာရေးဇုန်ထဲအထိ စေလွှတ်ထားရှိပြီး ဗီယက်နမ်အပေါ် ဖိအားပေးထားပြန် ပါတယ်။ ၂၀၂၃ ခုနှစ်က တရုတ်စစ်တမ်းသင်္ဘောတစ်စီးဟာ ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန်ပိုင်နက်ထဲဝင်ပြီး တစ်လကြာ ကျူးကျော်လာရောက်ခဲ့တယ်။ ဒီဇုန်ဟာ ဗီယက်နမ်ကမ်းရိုးတန်းနဲ့ ရေမိုင် ၂၀၀ အနီးအနားမှာရှိပြီး ဒီအရေးကြောင့် တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဗီယက်နမ်ကြား နောက်ထပ် ပြဿနာဇုန်တစ်ခုဖြစ်တည်လာခဲ့ပါပြီ။
တရုတ်သုတေသန၊ ကမ်းခြေစောင့်တပ်၊ အရပ်သားရေယာဉ်တွေ ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန်ရေပိုင်နက်ထဲ ဝင်ထွက်သွားလာနေထိုင်မှုတွေဟာ ဗီယက်နမ်ရဲ့ ရေနံနဲ့သဘာ၀ကမ်းလွန်စီမံကိန်းတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဇွန် ၆ ရက်နေ့က တရုတ် စစ်တမ်းသင်္ဘော Hai Yang 26 ဗီယက်နမ်ပိုင်နက်ထဲဝင်လာပြန်တော့ ဟနွိုင်းအစိုးရက သံတမန်နည်းလမ်းနဲ့တရုတ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့တယ်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ် ဖန်သူဟမ်းက Hai Yang 26 သင်္ဘော ဗီယက်နမ်ရေပိုင်နက် ထဲလာနေပြီး လှည့်လည်သွားလာနေခြင်းဟာ ခွင့်ပြုချက်မရှိဘဲ စစ်တမ်းကောက်လေ့လာနေခြင်းဖြစ်လို့ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS 1982) က သတ်မှတ်ထားတဲ့ ဗီယက်နမ်ရေပိုင်နက်ထဲ တရားမဝင်လာရောက်မှုဖြစ်ကြောင်း၊ ကမ်းလွန်ရေတိပ်ပိုင်းကိုလည်း ဝင်ထွက်နေလို့ စိတ်အနှောက်အယှက်ဖြစ်ရ ကြောင်းနဲ့ ဒီလိုစစ်တမ်းကောက်ယူမှုတွေ ရပ်တန်းက ရပ်ဖို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ဘက်ကတော့ တောင်တရုတ်ပင်လယ်တစ်ခုလုံးဟာ ကုလကွန်ဗင်းရှင်းထုတ်ပြန်သတ်မှတ်မှုကိုလက်မခံဘဲ သူတို့ အထူးစီးပွားရေးဇုန်သာဖြစ်တယ်လို့ ဗျူဟာချမှတ်ပြီး သူတို့ သင်္ဘောတွေကို တခြားနိုင်ငံရေပိုင်နက်တွေထဲ ဆက်လက်စေလွှတ်သွားလာနေတုန်းပါပဲ။ တောင်တရုတ်ပင်လယ်ဟာ မစူးစမ်းရသေးတဲ့ ရေနံနဲ့သဘာ၀ဓာတ် ငွေရင်းမြစ်ကြွယ်၀လွန်းတဲ့ ပင်လယ်ဖြစ်တယ်။
ခန့်မှန်းခြေ မစူးစမ်းရသေးတဲ့ ရေနံစိမ်းစည် ၁၁ ဘီလီယံ၊ မစူးစမ်းရသေးတဲ့ သဘာ၀ဓာတ်ငွေ ၁၉၀ ထရီလီယံကုဗ္ဗပေ ရှိရာအရပ်ဖြစ်တယ်။ ဗီယက်နမ်ပိုင်နက်ထဲ သွားနေ တဲ့ Hai Yang 26 သင်္ဘောဟာ မျိုးစုံသုံးနိုင်တဲ့ စစ်တမ်းရေယာဉ်ပါ။ တရုတ်ဘူမိဗေဒစစ်တမ်းအဖွဲ့ရဲ့ အစီအစဉ်နဲ့ ခုတ်မောင်းနေတာလည်းဖြစ်တယ်။ တရုတ်သဘာ၀ရင်းမြစ်ဝန်ကြီးဌာန လက်အောက်ခံအဖြစ် ဗီယက်နမ် အထူး စီးပွားရေးဇုန်ထဲ ၃၅ ရက်ကြာ လာရောက်ပြီး ဘူမိစစ်တမ်းမော်ဂျူးလေ့လာမှု ၃၂ ခု တိုးမြှင့်လုပ်ဆောင်တယ်။ ဒါ့အပြင် လွှမ်းခြုံတူးဖော်ခြင်း၊ ထိုးဖောက်တူးဖော်ခြင်း၊ ဘူမိရူပ စစ်တမ်း၊ ဓာတ်သတ္တုလေ့လာမှုတွေကိုပါ ထပ်ဆောင်း လုပ်ဆောင်သွားတာဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်ပါတဲ့သိပ္ပံပညာရှင်တွေဟာ ဗီယက်နမ်ကမ်းရိုးတမ်း ကသန္တာကျောက်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူမှုတွေလည်း လုပ်တယ်။ ကမ်းလွန် အင်ဂျင်နီယာစီမံကိန်းဆက်စပ် စုံစမ်းထောက်လှမ်းမှုတွေလည်း လုပ်တယ်။ single-beam နဲ့ multi-beam echo sounders၊ acoustic current Doppler profiler လျှပ်စစ်စနစ်ဂီယာတွေအပြင် ငလျင်ဆိုင်ရာ အချက်အလက်စုဆောင်းတဲ့ ကိရိယာများတွေကိုပါ သုံးပြီး သုတေသန စစ်တမ်းတွေကောက်တယ်။
စစ်တမ်းရေယာဉ်တွေဟာ ရေအောက်နမူနာတွေရယူမှု၊ သမုဒ္ဒရာထဲ အသံလှိုင်းထုတ်လွှင့်ပြီး ရေအောက်ကြမ်းပြင် တည်ဆောက်ပုံတွေကို တိုင်းတာရယူမှုတွေလုပ်တယ်။ နိုင်ငံတကာပင်လယ်ရေကြောင်းအဖွဲ့ IMO ထုတ်ပြန်ချက် အရ တရုတ်ဟာ ၁၉၉၀ပြည့်နှစ်နောက်ပိုင်း စစ်တမ်းကောက် ရေယာဉ် ၆၄ စီး ထပ်မံ တည်ဆောက်အသုံးပြုခဲ့ တယ်လို့ ဆိုတယ်။ အမေရိကန်တောင်၄၄ စီးသာ ထပ်မံတည်ဆောက်နိုင်ပြီး ဂျပန်က ၂၃ စီးသာ တည်ဆောက်နိုင် ချိန်တရုတ်ဟာ ရေကြောင်းစိုးမိုးနိုင်ရေးအတွက် ဒီလိုရေကြောင်းစစ်တမ်းရေယာဉ်တွေကို နိုင်ငံအားလုံးထက်ပို တည်ဆောက်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရတယ်။
အမေရိကန်မှာ ဒီလိုရေကြောင်းစစ်တမ်း သင်္ဘောတွေကို ရေတပ်ကပဲ တာဝန်ယူပြီး ရေကြောင်း သိပ္ပံပညာရှင် တွေကို တက္ကသိုလ်က ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ National Oceanic နဲ့ Atmospheric Administration လိုအဖွဲ့တွေ၊ ပုဂ္ဂလိကစီးပွားဖြစ် သီးခြားလုပ်ငန်းအဖွဲ့တွေကပဲ စိစစ်ကောက်ခံရတယ်။ တရုတ် ကတော့ တခြားနိုင်ငံမှာ ရေကြောင်း စစ်တမ်းရေယာဉ်တွေကို မှတ်ပုံတင်ပြီး သူတို့က အော်ပရေတာအဆင့်ပဲ ခံယူရင်း သူများရေပိုင်နက်တွေထဲ သွားချင်သလိုသွားပြီး မင်းမူနေတာဖြစ်ပါတယ်။ ကျယ်ပြောတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံပိုင် ရေယာဉ်စုတွေဟာ ရည်ရွယ်ချက် ပြတ်ပြတ်သားသား ခွဲခြားမှုမရှိဘဲ ရွက်လွှင့်နေကြတယ်။ တရုတ်နိုင်ငံက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများ ပေါင်းစပ်မှုဟာ သိပ္ပံနည်းကျ၊ စစ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတွေအကြား အားလုံး အချက်အလက် မျှဝေမှုအသုံးချနေ တာ ထင်ရှားတဲ့သာဓကတွေရှိခဲ့ပြီးသားပါ။ ဒါကြောင့် ဒီအချက်အလက်တွေကို စစ်တမ်းသင်္ဘောတွေက ကောက် ယူတယ်။ လောင်စာဆီအတွက် တရုတ်ရဲ့ ပြင်းထန်တဲ့ကြိုးပမ်းမှုဟာ ပင်လယ်ကြမ်းပြင် တူဖော်ရေး စီမံကိန်း သာဖြစ်တယ်။
တောင်တရုတ်ပင်လယ်ဟာ မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းပါ။ တရုတ်ရဲ့ ရေအောက်စစ်ဆင်ရေး၊ အထူး သဖြင့်မောင်းသူမဲ့ ရေအောက်ရေယာဉ်တွေအတွက် အရေးအပါဆုံး ပင်လယ်လည်းဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ပင်လယ်ကြမ်းပြင်သွင်ပြင်လက္ခဏာကို တောင်တရုတ်ပင်လယ်တစ်ခုလုံး သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အဖြစ် သတ်မှတ်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေလမ်းကြောင်း ပထဝီ နိုင်ငံရေးဒရာမာဟာ အဆင့်တစ်ဆင့်ကို ရောက်လာရပြီဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ဆယ်စုနှစ်ဝက်ကာလအတွင်း တရုတ်နဲ့ ဗီယက်နမ်ကမ်းခြေစောင့်တပ်တွေကြား သန္တာကျောက်တန်းတစ်ခုနဲ့ပတ်သက်လို့ အချင်းများမှုအကြီး မားဆုံးပြဿနာဖြစ်ခဲ့တယ်။ ဒီထိပ်တိုက်ရင်ဆိုင်မှုမျိုး ၂၀၁၄ မှာလည်း ရေနံသိုက်ရှိတဲ့ အငြင်းပွား ပါရာဆယ် ကျွန်းနားမှာ တစ်ခါ ပြဿနာတက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်က တရုတ်ရော၊ ဗီယက်နမ်ကပါ သူတို့ပိုင်တယ်လို့ ထုတ်ပြန်ထားတဲ့ Vanguard Bank မှာ ရေနံတူးဖော်ထုတ်လုပ်ရေး စီမံကိန်းသစ် စတင်ကြမှုနဲ့ နှစ်နိုင်ငံ တင်းမာမှု ဟာ ပိုပြီး ပြင်းထန်သထက်ပြင်းထန်လာပါတယ်။ ဒီပြဿနာတွေကနေ ပင်လယ်ရေကြောင်း စစ်တုရင်ပွဲကြီး သဖွယ်ဖြစ်လာခဲ့ပါပြီ။ နှစ်နိုင်ငံစလုံးက ဒီဇုန်တွေမှာ တခြားသင်္ဘောတွေ ဝင်ရောက်လာမှုကို ကိုယ်မောင်းထုတ်၊ သူမောင်းထုတ်တွေ လုပ်လာကြပါပြီ။
ဂြိုဟ်တုဓာတ်ပုံတွေအရ တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ မြေသားချဲ့တွင်ခြင်းတွေ လုပ်နေတာကိုလည်း အတည်ပြုမြင်တွေ့နိုင်ပါတယ်။ ရှိပြီးသားကျွန်းမြေတွေကို မြေထပ်ဖို့ပြီး ပင်လယ်ဘက် တိုးချဲ့တာတွေ၊ ကျွန်း အသစ်တွေလုပ်ဆောင်နေတာတွေ၊ သန္တာကျောက်တန်းတွေပေါ် သဲတွေထပ်ဖို့ပြီး ဆိပ်ကမ်းသစ်တွေ ဆောက်တာ၊ စစ်ရေးအခြေစိုက်စခန်းတွေထားတာ၊ လေယာဉ်ဆင်းသက်နိုင်တဲ့ ကွင်းတွေတိုးချဲ့တာတွေကို မြင်ရတာဖြစ်ပါ တယ်။ အထူးသဖြင့် ပါရာဆယ်နဲ့ စပရတ်လီကျွန်းစုတွေမှာ ဒီလိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ Woody Island မှာဆိုရင် စစ်ဘက်ဆိုင်ရာ စခန်းဆောက်ပြီး ဖိုက်တာဂျက်တွေစေလွှတ်၊ ခရုဇ်ဒုံးကျည်တွေထားရှိ၊ ရေဒါစနစ်တွေ တပ်ဆင်ထားပါတယ်။ ဒါကြောင့် တရုတ်စစ်တမ်းရေယာဉ်စုတွေရဲ့ အချက်အလက်ကောက်ခံမှုဟာ သိပ္ပံပညာ ရှုထောင့်၊ ပင်လယ်ကြမ်းပြင် အချက်အလက်တွေကို အဓိက ကောက်ခံပြီး အရပ်သားနဲ့ စစ်ရေးကိစ္စမှာ အသုံးချဖို့ ဆီ ဦးတည်နေတာတွေ့ရတယ်။ ပထဝီနိုင်ငံရေးချဲ့တွင်မှုအတွက် ဒီစစ်တမ်းအချက်အလက်ကောက်ခံမှုဟာ အဓိ က အကျဆုံးဖြစ်နေတယ်။ ရေငုပ်သင်္ဘောတွေ သွားလာစိုးမိုးနိုင်ရေးအတွက်လည်း သိပ်ကို အရေးပါတယ်။ အရပ် သား စစ်တမ်းကောက်တဲ့ သင်္ဘောတွေပေါ်က သိပ္ပံပညာရှင်တွေကို တရုတ်ရေတပ် ကင်းထောက်အဖွဲ့က စောင့် ရှောက်တယ်။
စစ်တမ်းကောက်သူတွေက ပြည်ပ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှု၊ အနီးအနားက ရေယာဉ်စုတွေရဲ့ လုပ်ဆောင်နေမှုတွေကို ထောက်လှမ်းပြီး အချက်အလက်တွေကို တရုတ်အစိုးရက ရယူတယ်။
ဒေသဆိုင်ရာ ရာသီအလိုက် ဒီလိုစစ်တမ်းသင်္ဘောတွေစေလွှတ်သုတေသနပြုမှုဟာ တရုတ်ရဲ့ ရေငုပ်သင်္ဘော စွမ်း အားပိုင်းကို တိုးချဲ့ခြင်းအတွက်သာ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။ ရေထဲက ကျွန်းတွေမှာ ရေငုပ်သင်္ဘော အပြင် ဂျက်လေယာဉ်တွေ ဆင်းတက်နိုင်ဖို့ ကျွန်းတုတွေ၊ ကျွန်းတိုးချဲ့မှုတွေလုပ်ဆောင်နေခြင်းဟာလည်း ဒေသ တွင်း ရေတပ်ပါဝါ ကြီးစိုးနိုင်ရေးအတွက်ပဲ ဦးတည်တာဖြစ်တယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာရေကြောင်းသွားလာနိုင်ခွင့် လွတ်လပ်မှုအတွက် အဓိက ကြိုးပမ်းနေချိန် တရုတ်ရဲ့တောင်တရုတ်ပင်လယ်အတွင်းက ရေကြောင်းမီးခုံရောင်ဇုန်ဗျူဟာတွေက သူတို့အတွက် အင်မတန် လည်း အခရာကျနေတာပဲဖြစ်ပါတော့တယ်။