လင်းမောင်
ဒီစီမံကိန်းကို သဘောထားကွဲလွဲမှုများအား နှိမ်နှင်းခြင်း (Suppression of Voices of Dissent) လို့ ခေါ်ဆိုကြပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ဥပဒေတည်စေမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ စည်းကမ်းချက်တွေ အပေါ်မကျေနပ်လို့ တရုတ်နိုင်ငံမှာ မြို့ကြီးတွေပေါ် လူထုအုံကြွဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေရာမှာ ဒီလို လူထုအုံကြွမှုကို အဓိကဖြစ်တည်စေတာက cyberspace လို့ခေါ်တဲ့ ကွန်ပျူတာကွန်ရက်တွေပေါ်ကနေ ဆက်သွယ်မှုဖြစ်ပေါ်စေတဲ့သဘောတရား ကြောင့်ဆိုတာ ရှီကျင်းဖျင်နဲ့ တရုတ်အာဏာပိုင်တွေ ကောင်းကောင်း သိထားကြတယ်။
ဆန္ဒပြဖို့နေရာ ချိန်းဆိုမှု၊ လူစုမှု၊ အစိုးရအပေါ် အမုန်းပွားစေတဲ့ စကားတွေ၊ ကြွေးကျော်သံတွေ စုပေါင်းကြီးထွားမှုတွေဟာ အွန်လိုင်းတွေပေါ်မှာပဲ ဖြစ်တည်တာကြောင့် ရှီကျင်းဖျင်ပဲ ခေါင်းဆောင်တဲ့ Cyberspace Administration of China (CAC) ကနေ ဒီနယ်ပယ်က အေဂျင်စီတွေကို လမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်း တွေချမှတ်ပေးပြီး ဥပဒေတစ်ရပ်အဖြစ် အမိန့်ထုတ် ခိုင်းစေထားပါတယ်။
အင်တာနက် ဆင်ဆာဖြတ်စနစ်တွေမှာ ပြည်တွင်းအွန်လိုင်းဝက်ဘ်ဆိုက်တိုင်းက သူတို့ပို့စ်တွေ၊ သတင်းတွေကို ပရိသတ်ပြည်သူက ဝင်ကြည့်ချင်ရင် အရင်ဆုံး register တင်တာကိုချင့်တွက်၊ ဒီလူဟာ မှတ်ပုံတင်အပါအဝင် ကိုယ်ရေးအပြည့်အစုံကို တင်ပြပြီး မှတ်ပုံတင်ရာမှာ အရင် အကောင့်သမိုင်းအရ အစိုးရကို ဖောင်းထုတဲ့ စာရင်းဝင်သူဟုတ်မဟုတ် Rating သတ်မှတ်၊ မဟုတ်ရင် Block List ထဲ အလိုအလျှောက်ဝင်စေတဲ့စနစ်သုံးဖို့၊ သတ်မှတ်မှတ်ပုံတင်အချက်အလက်အားလုံး အဆင်ပြေမှ ဒီလူကို ပို့စ်တွေမှာ comments ဒါမှမဟုတ် like လုပ်ခွင့်၊ Share လုပ်ခွင့်ပေးဖို့ စည်းမျဉ်းသတ်မှတ် ခိုင်းစေထားတာဖြစ်ပါတယ်။
တိဘက်နဲ့ အိုက်ဂါမွတ်ဆလင်လူမျိုးတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတဲ့ သတင်းတွေလည်း စဉ်ဆက်မပြတ်ထွက်ပေါ်နေရာမှာ ဒီလိုသတင်းတွေလည်း မပျံ့စေဖို့ ရှီကျင်းဖျင်က Cyberspace ကန့်သတ်ထိန်းချုပ်မှုတွေကို လုပ်နေတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတုန်းကလည်း မင်းအောင်လှိုင်ဟာ အင်တာနက်တွေအပေါ် သူ့မကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်းတွေ မပျံ့နှံ့ဖို့၊ ပပျောက်ဖို့၊ ဖြန့်သူတွေကို ဖမ်းဆီးတားဆီးနိုင်ဖို့ တရုတ်က ဆိုက်ဘာ ပညာရှင်တွေကို ခေါ်ယူ အကူအညီတောင်းခဲ့ပါသေးတယ်။
တရုတ်ဆိုက်ဘာပညာရှင်တွေဟာ ဟောင်ကောင်မှာလည်း ဆိုက်ဘာထိန်းချုပ်မှုတွေကို စနစ်တကျ သွားလုပ်ထားပါတယ်။