ရှမ်းအရှေ့မြို့နယ်အချို့ စက်သုံးဆီအကြပ်အတည်းကြုံပြီး လုပ်ငန်းများထိခိုက်
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ထိုင်းနိုင်ငံမှ နယ်စပ်မှတဆင့် စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီအခက်အခဲကြုံတွေ့နေရပြီး ယာဉ်၊ ယန္တရားဖြင့်လုပ်ရသည့် လုပ်ငန်းများ ထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး အများစုမှာ တာချီလိတ်မှတဆင့် တင်သွင်းသည့် ထိုင်းလောင်စာဆီကို မှီခိုနေရကြောင်း၊ လာအိုနယ်စပ်၊ တရုတ်နယ်စပ်တို့နှင့် နီးစပ်သည့် မြို့နယ်များမှာ ခံသာသေးကြောင်း မိုင်းဆတ်ဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်မြို့မှလာသည့် လောင်စာဆီအပေါ် အဓိကမှီခိုသည့် မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းဖြတ်မြို့နယ်များမှာ စက်သုံးဆီအကြပ်အတည်းကို အများဆုံးခံနေရပြီး စက်သုံးဆီဈေးမြင့်တက်လာသလို နည်းပါးသည့်ပမာဏကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနိုင်ကြောင်း ယင်းဒေသခံကပြောသည်။
“စက်ယန္တရားနဲ့လုပ်ရတဲ့ အလုပ်တွေ ဆီရှာနေရတာနဲ့ပဲ နှောင့်နှေးရတယ်။ ပြည်မဘက်တော့ချိတ်ဆက်ဝယ်နေတယ်”ဟု ဟု ၎င်းကပြောသည်။
မိုင်းဆတ်နှင့်မိုင်းတုံမြို့များတွင် စက်သုံးဆီအရောင်းအများစု ရပ်ဆိုင်းကုန်သလို ရောင်းချနေဆဲဆိုင်များမှလည်းဓာတ်ဆီ တစ်လီတာကို ၄၀၀၀ ကျပ်မှသည် ယနေ့တွင် ၆၀၀၀ ကျပ်ဖြင့် ဆိုင်ကယ်တစ်စီးလျင် ၂လီတာ၊ ကားတစ်စီး ၁၀လီတာ သာရောင်းချပေးနိုင်တော့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်မမှဓာတ်ဆီကို ယခင်ကတည်းက ရယူနေသည့် မိုင်းပျဥ်းနှင့်ကျိုင်းတုံမြို့များတွင်မူ 91 ဓာတ်ဆီတစ်လီတာ ကို ယနေ့ ဖေဖော်ဝါရီ ၁၁ရက်မနက်ပိုင်း တွင် ကျပ်၄၁၀၀ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၁၁ရက် တာချီလိတ်မြို့သို့ စက်သုံးဆီအချို့ဝင်ရောက်လာပြီး တရားဝင်ဆီပန့်များတွင် ဈေးမတက်ဘဲ ရောင်းချပေးနေကြောင်း၊ သို့သော် ပုံးဖြင့် ဝယ်ယူမှုခွင့်မပြုသေးဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေကြောင်း တာချီလိတ်မြို့နေပြည်သူတစ်ဦးက ပြောသည်။
ယမန်နေ့ မနက်ပိုင်းကပြုလုပ်သည့်စစ်ကောင်စီ၏ တာချီလိတ်ခရိုင်ညှိနိုင်းအစည်းအဝေးတွင် ဒေသတွင်း စက်သုံးဆီ ပြတ်တောက်မှု မရှိစေရေးနှင့် ဒေသတွင်း ဆီလိုအပ်မှုများကို အလျင်မီနိုင်ရေး ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသည်ထက် ပြည်မမှာ တင်သွင်းနိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် စက်သုံးဆီလုပ်ငန်းရှင် အသင်းများ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ ငွေချေထားပြီးဖြစ်သည့် လောင်စာဆီတင်ကား (၅၀)စီးကိုလာအိုနိုင်ငံဖက်လမ်းကြောင်းမှ တဆင့် သယ်ယူရန်ဆောင်ရွက်နေကြောင်း လုပ်ငန်းရှင်များက ဆွေးနွေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၅ရက်ကစကာ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် မြန်မာပြည်တွင်း၅ နေရာကို ထိုင်းနိုင်ငံမှ ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး မီးဖြတ်၊ ဆီဖြတ်၊ လိုင်းဖြတ်ဆိုသည့် ဖြတ်၃ဖြတ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မဟာ
#MeKongNews








