ဖမ်းဆီးထောင်ချခံရနိုင်သည့်အရေးကို ရင်ဆိုင်ကာ မိုင်းလားမှ တရုတ်ဘက်သို့ အလုပ်သွားလုပ်သူ များပြားလာ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမှ တရုတ်ဘက်သို့ တရားမဝင်လမ်း – ခိုးပေါက်များမှ အလုပ်သွားရောက်လုပ်ကိုင်နေသူ ယခုလပိုင်းများအတွင်း များပြားလာကြောင်း စုံစမ်းသိရသည်။
မူဆယ်ဘက်မှ တရုတ်ပြည်ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ခက်ခဲလာခြင်း၊ စာအုပ်နီဝင်ခွင့် ၅နှစ်ပိတ်ခံရခြင်း စသည့် အချက်များကြောင့် မိုင်းလားဘက်မှ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း လမ်းကြောင်းများအကြောင်း သိရှိသူ သတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။
“မူဆယ်ဘက်က တစ်ပတ်ကတ်နဲ့ အလုပ်လုပ်ပြီးရက်ကျော်လို့ ဖမ်းပို့ခံရသူတွေ၊ တရုတ်ပြည်ထဲမှာအနေကြာရာက ဖမ်းခံရပြီးထောင်ကျလို့ ပြန်ပို့ခံရသူတွေက မူဆယ်က ပြန်မဝင်တော့ဘဲ သူ့အဆက်နဲ့သူ ပြန်ဝင်ကြတာ၊ ခိုးပေါက်ကလည်းများသလို သူတို့လူချင်း ချိတ်ဆက်သွားကြတာ၊ မိရင်လည်းထောင်ချ ပြန်ပို့ပေါ့” ၎င်းက မဲခေါင်ကို ပြောသည်။
တရုတ်ဘက်ကတွင် တရားမဝင်အလုပ်လုပ်ကိုင်နေစဉ် ဖမ်းမိပါက ဖမ်းဆီးထောင်ချထားပြီး မြန်မာအာဏာပိုင်များနှင့် ချိတ်ဆက်ကာ ပြန်ပို့လေ့ရှိကြောင်း၊ အချို့ဖမ်းမိသူများမှာ ၃လအထိ ထောင်ချခံရသည်လည်းရှိကြောင်း တရုတ်ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ သိရသည်။
တရုတ်ဘက်တွင် ဖမ်းမိပြီး မူဆယ်ဘက်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲသော်လည်း ဇာတိနေရပ်တွင် တိုက်ပွဲများကြောင့် ပြန်ရန်ခက်ခဲခြင်း၊ ရဲအဖမ်းခံရ၍သာ ထောင်ချပြန်ပို့ခံရသော်လည်းစက်ရုံအလုပ်ရှင်က သဘောကျသည့်အတွက် တစ်ဖက်မှ စောင့်ကြိုပြန်ခေါ်ခြင်းတို့ကြောင့် မိုင်းလားမှတဆင့် တရုတ်ပြည် သို့ပြန်သွားမည်ဖြစ်ကြောင်း မိုင်းလားခိုးပေါက်မှတဆင့် တရုတ်ပြည်ထဲ ပြန်သွားမည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ စာအုပ်နီက ဝင်ခွင့်၅နှစ်ထိပိတ်ခံရတာ။ လောပန်းကိုယ်တိုင်က ဒီဖက်ပြန်လာဖို့ ပြောတယ်။ ပြန်ဖို့ကလည်း ရခိုင်ပြည်ဖက်က မလွယ်တော့ဘူး။ အလုပ်လည်းရမှာမဟုတ်ဘူး။ ဖမ်းလည်းခံဖို့များတယ်လေ။ တရုတ်ထဲ ၅နှစ်လောက်ရှိပြီ။ အလုပ်လည်းကျွမ်းကျင်နေတော့ပြန်သွားတာပါ” ဟု ၎င်းက ပြောသည်။
၎င်းနှင့်အတူ တရုတ်ပြည်ထဲ ကြံသွားခုတ်မည့်အဖွဲ့မှတစ်ဦးကလည်း မိုင်းလားတွင် ကြံ ၁၅ ချောင်းခုတ်ခမှာ ၁ ယွမ်ခန့် သာရသော်လည်း တရုတ်ပြည်တွင်းတွင် ၃ ယွမ်အထိ ရသဖြင့် ၎င်းအဖွဲ့ကိုပြန်လာခေါ်ခြင်းဖြစ်ကြောင်း ၎င်းတို့အဖွဲ့မှာ ၅၀ ဦးကျော်ရှိကြောင်း ပြောသည်။
မိုင်းလားမှတဆင့် တရုတ်ပြည်ဘက်သို့ သွားသူအရေအတွက်မှာ မူဆယ်ကဲ့သို့ မများသော်လည်း နေ့စဥ် ၅၀ဦးကျော်ရှိပြီး လမ်းအဆင်ပြေသည့်ရက်မျိုးတွင် သွားသူရာကျော်ရှိကြောင်း မိုင်းလားနေသူတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဘက်ရှိ ဒေသခံ တစ်နှစ်သက်တမ်းစာအုပ်နီရှိသူများမှာ ရွှေလီကြယ်ဂေါင်ဘက်တွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းကာ လုပ်ခကောင်းသော်လည်း ယာယီနယ်စပ်ဖြတ်ကူးလက်မှတ် တစ်ပတ်ကတ်ဖြင့် အလုပ်ရရှိရန်မလွယ်ကူသလို လုပ်ခလစာလည်းနည်းပါးနေခြင်းမှာလည်း မိုင်းလားဘက် တရားမဝင်လမ်းများမှတဆင့် အလုပ်သွားရောက်လုပ်ကိုင်သူများပြားရခြင်း အကြောင်းအရင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
မြန်မာနိုင်ငံသားများ တရုတ်ပြည်ဘက် အလုပ်သွားရောက်လုပ်ကိုင်ကြသည်ဆိုသော်လည်း အစိုးရလုပ်ငန်းများမှအပနှစ်နိုင်ငံ အလုပ်သမားခေါ်ယူမှု သဘောတူညီထားမှု မရှိသည့်အတွက် တရားမဝင်အလုပ်လုပ်သည်ဆိုကာ အချိန်မရွေးဖမ်းဆီး ထောင်ချပြန်ပို့ခံရမည့် အန္တရာယ်ရှိနေသည်။
မဟာ
#MeKongNews








