ဒီးမော့ဆိုမြို့နယ်မှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ တက်ဈေးမှာငြိမ်နေပေမယ့် ဝက်သားစျေး ဆက်တက်နေ
မဲခေါင်၊ ဇန်နဝါရီ ၂၈
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ တက်ဈေးမှာငြိမ်နေပေမယ့် ဝက်သားဈေးမှာ ကျပ်လေးသောင်းအထိ ဈေးတက်နေပါတယ်။
ကုန်စိမ်းကုန်ခြောက်တွေက မူလစျေးအတိုင်းရှိနေပြီး အသားငါးတွေထဲက ဝက်သားစျေးကတော့ မြင့်တက်လာတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလက ဝက်သားတစ်ပိဿာကို ကျပ် ၃၀၀၀၀ ဈေးရှိနေရာက အခုလမှာ တစ်ပိဿာကို ကျပ် ၄၀၀၀၀ အထိဈေးတက်လာပါတယ်။
ကြက်သား တစ်ပိဿာကို ကျပ်၂၅၀၀၀ ၊ အမဲသား တစ်ပိဿာကို ကျပ်၃၀၀၀၀ ၊ ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀၀ ကျပ်ဝန်းကျင်၊ စားဆီတစ်ပိဿာ ၁၈၀၀၀ ကျပ်နဲ့ ဓာတ်ဆီ တစ်လီတာကို ကျပ် ၄၅၀၀ နဲ့တက်ဈေးမှာ ငြိမ်နေပါတယ်။
အသားငါးနဲ့ အခြေခံစားသောက်ကုန်တွေ အမြင့်ဈေးမှာပဲ ငြိမ်နေတာကြောင့် ဝင်ငွေနည်းဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ၊ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေ အာဟာရပြည့်မှီအောင်စားသောက်ဖို့အတွက် အခက်အခဲတွေရှိနေကြပါတယ်။
“ မစားနိုင်တော့ဘူးလေ၊ ရဲဘော်တွေက အလှူရှင်ရှိမှ စားရတော့တယ်၊ အသားစားရဖို့ မလွယ်ဘူး”လို့ ရဲမေတစ်ဦးက ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း “ ဘာအလုပ်မှလည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူးကော၊ စိတ်ထဲမှာဆို ဘယ်နေ့ဘယ်ရက်ငတ်မလဲ၊ စစ်ရှောင်နေရတာဆိုတော့ အရမ်းခက်ခဲမှုတွေရှိတာပေါ့နော်” လို့ပြောပါတယ်။
လက်ရှိကာလမှာ စက်သုံးဆီဈေး မြင့်မားနေတာအပါအဝင် ကျပ်ငွေဈေးကျဆင်းနေတာ၊ အစာဈေးမြင့်မားနေတာတွေကြောင့် မွေးမြူရေးဝက်တွေဟာ အိမ်မွေးဝက်တွေထက် ဈေးပိုကြီးနေသလို အခြားအသားတွေထက်လည်း ဈေးပိုကြီးနေတာဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
သူက “ အသားတိုးဝက်တွေက အစာလည်းစနစ်တကျကျွေးရတယ်၊ စားသုံးသူတွေဘေးကင်းလုံခြုံရေးအတွက်လည်း ရောဂါကင်းရှင်းရေးအမြဲတမ်းစစ်ဆေးနေရတယ်၊ ဒါကြောင့်အခြားအသားတွေထက် ဈေးကြီးတာပါ” လို့ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ သူတို့မိသားစုတွေ စီးပွါးရေးတွက်ချေကိုက်တဲ့ အခုကာလထဲမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိသူတွေ၊ ဝင်ငွေနည်းမိသားစုတွေ၊ အခြေခံလူတန်းစားတွေ နဲ့ စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်တဲ့အထိဖြစ်ပေါ်နေကြပါတယ်။
အလှူရှင်လျော့နည်းလာတာကြောင့် စစ်ရှောင်ပြည်သူတွေလည်း တစ်နှစ်ထက် တစ်နှစ် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေပြီးနဲ့ ဆောင်းရာသီ ရေရှားပါးမှု ပြသာနာတွေကိုလည်း ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
CJ-004
#MeKongNews








