ပင်လောင်းမြို့မှာ စက်သုံးဆီနဲ့ ကုန်စည် ပြတ်လပ်နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာ
မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ်မှာ ကုန်စည်နဲ့ စက်သုံးဆီ ပြတ်လပ်ကာ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဒေသခံတွေ အကြပ်အတည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလက ဆိုင်ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၃၅၀၀ ဈေးရှိခဲ့ရာက အခု ကျပ်၄၅၀၀၊ တဆင့်ဝယ်ရောင်းဆိုင်တွေမှာဆိုရင် ကျပ် ၆၀၀၀ မှ ကျပ်၇၀၀၀ အထိ ပေးဝယ်နေရပြီး ဆန်တစ်ပြည်ကို ကျပ်၄၀၀၀ ကျော် ၅၀၀၀ ဝန်းကျင်ကနေ ခုဆိုရင် တစ်ပြည်ကို ကျပ် ၁၀၀၀၀ နီးပါး၊ စားသုံးဆီတစ်လီတာကိုလည်း အခု ကျပ်တစ်သောင်းကျော်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပင်လောင်းနဲ့ ကရင်နီနယ်စပ်မှာ တိုက်ပွဲပြန်ပြင်းထန်တော့ အဲလိုပြန်ဖြစ်တာ ၊ ကျွန်တော်တို့ပင်လောင်းက အစကတည်းက ကုန်ပစ္စည်းဆိုလည်း သူများထက် ပိုပြီးဈေးကြီးတယ် ၊ နိုင်ငံရေးအခြေအနေကြောင့်လမ်းလည်းပိတ် စိုက်ပျိုးရတာလည်းအဆင်မပြေ၊ ရှေ့လျှောက် ဘယ်လို ဆက်ပြီးရှင်သန်ရလဲမသိတော့ပါဘူး”လို့ဒေသခံ တစ်ဦးကပြောပါတယ်။
ပင်လောင်း – ဖယ်ခုံနယ်စပ်တစ်ဝိုက်မှာ စစ်ပွဲတွေဖြစ်ပွါးနေသလို စစ်ကောင်စီက ဆန်ဆိုရင် ၁၀ အိတ်အထက်နဲ့ ဆီဆိုရင် ပုံးနဲ့သယ်ဆောင်ခွင့်ကို စစ်ဆေးပိတ်ပင်နေတာကြောင့် ကုန်ပစ္စည်းနဲ့ စက်သုံးဆီ ပြတ်လပ်ရခြင်းဖြစ်ကာ ဒေသခံတွေ သွားလာဖို့နဲ့ စားဝတ်နေရေးအဆင်မပြေတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အရင်ကထက် ကုန်ဈေးနှုန်း ပိုမိုမြင့်မားလာတာ၊ ကုန်ပစ္စည်းပြတ်လပ်နေတာကြောင့် သွားလာရေးနဲ့ စားဝတ်နေရေး အဆင်မပြေဖြစ်နေချိန်မှာ မြို့ပေါ်အထိ စစ်မီးကူးလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လက်ရှိမှာ ပင်လောင်းမြို့ကို စစ်ကောင်စီနဲ့ PNO က ပူးပေါင်းထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒေသတွင်းလက်ရှိ အခြေအနေမှာ စစ်ကောင်စီက ဖယ်ခုံနဲ့ မိုးဗြဲဒေသကို ဆက်တိုက်ဆိုသလို ဗုံးကြဲနေတာကြောင့် ဒေသခံနေအိမ်များ အများအပြား ပျက်စီးနေပါတယ်။
CJ-018
#MeKongNews








