မိုင်းလားမှာ ကုန်မာပစ္စည်းတွေ ပြတ်လပ်၊ တရုတ်က ပို့ဆောင်ခွင့်ပိတ်
မဲခေါင်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမှာ တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ထားကြောင့် ဆောက်လုပ်ရေးသုံးနဲ့ ကုန်မာပစ္စည်းတွေ ပြတ်လပ်လာတယ်လို့ ဒေသနေသူတွေထံက သိရပါတယ်။
အထူးသဖြင့် ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ ကား၊ ဆိုင်ကယ်၊ ထွန်စက်တွေအတွက် ဆက်စပ်အရန်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပြတ်လပ်လာတာလို့ သိရပါတယ်။
ဘိလပ်မြေမရလို့ ဆောက်လုပ်ရေးတွေရပ်ထားရတာ သုံးလခန့်ရှိပြီဖြစ်လို့ လုပ်သားတချို့အလုပ်ပြောင်းတာ၊ ဒေသပြန်တာတွေရှိလာတာကြောင့် မြို့မှာလူနည်းသွားပြီလို့ဒေသခံတွေက ပြောပါတယ်။
“ အသွားအလာ တအားနည်းသွားတယ်၊ အရင်က လွတ်လပ်ရေးကျောက် တိုင်နားက ဘောလုံးကွင်းသစ် ညစျေးဆို တိုးမပေါက်ဘူး။ ခု ဟိုဘက် ဒီဘက် ပြေးလို့ရတယ်၊ ဆိုင်အတော်များများလည်း ပိတ်ကုန်ပြီ ” လို့စျေးသည်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
မိုင်းလားရဲ့ လူနေမှုစရိတ်ကိုလိုက်မီဖို့ လုံလောက်တဲ့ ဝင်ငွေနဲ့ လုပ်ငန်းမရှိရင် ဒေသခံကလွဲလို့ ပြင်ပလူတွေ ရေရှည်ရပ်တည်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။
စက်ပစ္စည်းတွေမှာ အသုံးများတဲ့ ကား၊ ဆိုင်ကယ်တွေ ရိုးရိုးပြင်တာလောက်ပဲရပြီး အင်ဂျင်ခွဲတာလို အကြီးစားပြင်ဆင်တာတွေအစားထိုးစရာ မရှိလို့ မလုပ်နိုင်ကြတော့ဘူးလို့သိရပါတယ်။
“ ဆူပါမားကက်တွေလဲဟိုတုန်းက ကောင်တာတွေ အပြည့်ရှိတာ၊ အခု အလွတ်တွေများတယ်၊ အသစ်မဝင်တော့ အဟောင်းတွေပဲတွေ့ရတယ်၊ ရှားသွားတာပေါ့၊ အစားအသောက်သာမရှားတာ ၊ ဆေးကတော့ကျိုင်းတုံ၊ တာချီလိတ်က ပြန်ဝင်နေတယ်” လို့ မိုင်းလား ဝမ်ချိုနေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တရုတ်ဘက်က ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေအရ တရုတ်နိုင်ငံရဲ့ ပို့ကုန်တွေဖြစ်တဲ့ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဘက္ထရီ၊ ဆိုလာပြား၊ မီးသီး၊ မီးအိမ်၊ စောင်၊ ဘိလပ်မြေ အစရှိတာတွေ မြန်မာပြည်ကိုပို့ဆောင်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
MK-012
#MekwngNews









