ဒီးမော့ဆိုမှာ အသားနဲ့ ကြက်ဥဈေးကျ၊ စက်သုံးဆီနဲ့ စားသောက်ကုန်တချို့ ဈေးတက်နေဆဲ
မဲခေါင်၊ ဒီဇင်ဘာ ၁၂
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ကြက်၊ ဝက်၊ အမဲသားနဲ့ ကြက်ဥဈေး ကျပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တချို့ ဈေးတက်နေဆဲ ဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်အထိ သုံးပတ်တာ ဈေးနှုန်း နှိုင်းယှဉ်ချက်အနေနဲ့ ဝက်နဲ့အမဲသား တစ်ပိဿာ ကျပ် ၂၈၀၀၀ ကနေကျပ် ၂၅၀၀၀၊ ကြက်သားတစ်ပိဿာ ကျပ် ၂၈၀၀၀ ကနေကျပ် ၂၆၀၀၀၊ ကြက်ဥတစ်ကတ်ကို ကျပ် ၁၇၀၀၀ ကနေ ကျပ်၁၆၀၀၀ အထိ ဈေးကျခဲ့တာပါ။
တက်ဈေးအနေနဲ့ စက်သုံးဆီတစ်လီတာကို ၃၉၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်၊ ဆန်တစ်အိတ်ကျပ် ၁၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀၀ ၊ အာလူးတစ်ပိဿာကို ကျပ်၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀ အထိ ဈေးတက်လာပါတယ်။
စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်ပြည်သူအများဆုံးရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းက ပြည်သူတွေ ခက်ခဲကြပ်တည်းနေသလို ကရင်နီပြည် ကြားကာလအုပ်ချူပ်ရေးကောင်စီ IEC ရဲ့ အခွန်ကောက် သတင်းတချို့ကြောင့် စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ အရင်ကမှ ဆိုင်ခန်းခ၊ ရေခ၊ ဆိုလာ၊ ဘက်ထရီတွေ ဈေးကြီးရတဲ့ကြားထဲ အခွန်ပါကောက်ရင်တော့ လူထုပဲ ပိုကုန်ကျမှာကိုး၊ ဈေးပိုတက်ရောင်း ဝယ်သူတွေ ပိုက်ဆံပိုကုန်ပေါ့” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေက နေရာဒေသနဲ့ သယ်ယူရတဲ့အနေအထားတွေကြောင့် ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိနေပြီး ဈေးနှုန်းအများစုက မူလမြင့်တက်နေတဲ့ဈေးအတိုင်းဖြစ်သလို ကုန်ဈေးနှုန်းအနည်းငယ်မြင့်တာ၊ ဈေးကျတာတွေလည်းရှိနေတာပါ။
CJ-003
#MeKongNews








