ဒီးမော့ဆိုအနောက်ခြမ်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာ
မဲခေါင်၊ နိုဝင်ဘာ ၂၀
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နှစ်လတာအတွင်း ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
စက်တင်ဘာလ ရေကြီးပြီးတဲ့နောက် လမ်းခရီးသွားလာရ ခက်ခဲတာ၊ မိုးကြောင့် အသီးအနှံတွေပျက်စီးရတာ၊ တောင်ငူဖက်က တံတားတွေပျက်စီးတာတွေကြောင့် ကုန်စျေးနှုန်းမြင့်တက်လာတာ ခုချိန်ထိဖြစ်တယ်လို့ သိရပါတယ်။
“မြို့ပေါ်နဲ့ ဒီနဲ့ကစျေးက မကွာတော့ပါဘူး၊ ကြက်သွန်နီ တပိသာ ၆၀၀၀ ဆိုတာ လောက်စာလုံးလောက်လေးရှိတာ” လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
စက်တင်ဘာလ ရေကြီးပြီးချိန်ကစပြီး ဆန်တအိတ်ကို ၉၀၀၀၀ ကျပ်ကနေ ၁၁၀၀၀၀ ကျပ်၊ ဆီ တပိသာကို ၁၇၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတပွင့်ကို ၁၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်၊ ဂေါ်ဖီထုပ်တထုပ်ကို ၁၀၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်၊ ကြက်ဥ တလုံးကို ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်၊ အာလူးတပိသာကို ၆၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်၊ ကြက်သား တပိသာကို ၁၈၀၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်၊ကြက်သွန်နီတပိသာကို ၄၅၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်၊ အမဲသား တပိသာကို ၂၅၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်၊ ဝက်သား တပိသာကို ၂၄၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်၊ ငရုတ်သီး တပိသာကို ၁၀၀၀၀ ကျပ်၊တခြား အသီးအရွက်နဲ့ ကုန်ခြောက်တွေလည်း စျေးတွေတက်ကုန်တယ်လို့ သိရပါတယ်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ ပင်လောင်းလမ်းကြောင်းနဲ့ တောင်ငူလမ်းကြောင်းက အဓိက ဖြစ်ပြီး တောင်ငူတံတားပျက်စီးတဲ့ အောက်တိုဘာလထဲ ကုန်စည်ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ကာ ခုအချိန်မှာတော့ တံတားပြန်ကောင်းလာပြီး ပင်လောင်းလမ်းကတော့ စစ်ရေးအရ ကုန်ပစ္စည်းသယ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
CJ-004
#MekongNews









