ရှမ်းမြောက်ကို စစ်ကောင်စီက ကုန်စည်တင်ပို့မှု ကန့်သတ်ပြီးနောက် စက်သုံးဆီ သယ်ယူပို့ဆောင်မှုကို ထပ်မံကန့်သတ်
မဲခေါင်၊ နိုဝင်ဘာ ၁၈
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ အပါအဝင် ရှမ်းပြည် မြောက်ပိုင်းဒေသ တစ်ခုလုံးနီးပါးကို စစ်ကောင်စီက စက်သုံးဆီခွဲတမ်းလုံး၀ချမပေးဖို့၊ ဘယ်အကြောင်းကြောင့်မှ သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ကြဖို့ ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်မှာ ထုတ်ပြန်လိုက်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းထံကနေ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက သူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေအားလုံးကို ကန့်သတ်လိုက်တာဖြစ်ပြီး အဲဒီစာရင်းမှာ ပါဝင်တဲ့မြို့နယ်တွေကလွဲရင် ကျန်ဒေသရှိ သက်ဆိုင်ရာစစ်တပ်နဲ့ ရုံးဌာနတွေအတွက် စက်သုံးဆီတွေကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီလိုကန့်သတ်လိုက်တာကြောင့် ရှမ်းမြောက်မှာ ဘာရိုက်ခတ်မှုတွေ ဖြစ်လာနိုင်လဲဆိုရင်တော့ အများကြီးပဲ၊အပြန်အလှန်အနေနဲ့ TNLAကလည်း မူဆယ်ကို ဆီပြန်ဖြတ်မယ်၊ဘာကြောင့်လဲဆိုရင်တော့ နိုင်ငံရေး ဦးနှောက်နဲ့ပဲ စဉ်းစားပြီး လုပ်ကြတာပေါ့၊ အနှစ်ချုပ် ပြောရရင် လူထုက ပိုအထိနာမယ်၊ မြောက်ပိုင်းစီးပွားရေးက ကမောက်ကမဖြစ်လာမယ်၊ နောက်တစ်ခုက မှောင်ခိုဆိုတာ ခေတ်မကုန်သေးဘူးဆိုတာ သက်သေပြနိုင်လာမှာပေါ့”လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ စက်သုံးဆီ ချပေးခြင်းမရှိတော့ဘဲ ပိတ်ပင်လိုက်တဲ့မြို့နယ်တွေက ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ရက်ကတည်းက ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ စစ်ဆေးရေးဂိတ်ကနေ ရှမ်းပြည်မြောက်ပိုင်းကို ပြန်မယ့် ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်တင်ပို့မယ့် ကုန်တင်ယာဉ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့လည်း ကုန်တင်ကားသမားတွေထံကနေ သိရပါတယ်။
ဒီလိုကန့်သတ်မှုတွေကြောင့် ရှမ်းမြောက်မှာ မြိုပေါင်း ၁၁မြို့ကိုသိမ်းပိုက်ထားတဲ့ တအား(ပလောင်) အမျိုးသားတပ်မတော် TNLA၊ ၉မြို့ကို ထိန်းချုပ်ထားတဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ခေါ် ကိုးကန့်တပ်မတော်-MNDAAတို့ အနေနဲ့ ဖိအားတစုံတရာကို ရင်ဆိုင်လာရနိုင်ပြီး စစ်ရေးအရှိန် ရိုက်ခတ်မှုကိုလည်း ကြုံတွေ့လာရနိုင်တယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
ဓာတ်ပုံ-CJ
ပုံအညွှန်း-လားရှိုးမြို့ကို ဝင်မယ့်ကားတွေကို စစ်ကောင်စီကစစ်ဆေးနေမှု
CJ-003
#MekongNews









