မဲခေါင်၊ နိုဝင်ဘာ ၆
နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် တရုတ်နိုင်ငံကနေတင်သွင်းဖို့ ကုန်သွင်းခွင့်ရပြီး ကုန်သွယ်ခွန် (ဂျူတီ) ဆောင်ထားတဲ့ကုန်တွေကို မဲခေါင်မြစ်ကြောင်းနဲ့ ထိုင်းနိုင်ငံဘက်လမ်းကြောင်းတွေကနေ လမ်းကြောင်းပြောင်းသယ်နေရတာကြောင့် ကုန်ကျစရိတ်တွေ ပိုတက်လာတယ်လို့ ရှမ်းပြည်အရှေ့ပိုင်း ကုန်သွယ်လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။
ဂျူတီဆောင်ပြီးသားကုန်တွေကို အရင်က တရုတ်နိုင်ငံကနေ တင်သွင်းရာမှာ မိုင်းလား၊ မိုင်းပေါက်က တဆင့် ကျိုင်းတုံကို တင်သွင်းခဲ့ပေမယ့် အခုနောက်ပိုင်း တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် မဲခေါင်မြစ်ကြောင်းကနေ တာချီလိတ်၊ ဝမ်ပုံဆိပ်ကမ်းကို တင်သွင်းရတာရှိသလို ထိုင်းနိုင်ငံဘက်ကနေလည်း တင်သွင်းနေရတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“တချို့ကုန်တွေက ဂျူတီရထားပေမယ့် သက်တမ်းကုန်ခါနီးတွေဆိုတော့ မဲခေါင်မြစ်ကြောင်းကနေ ဝမ်ပုံဆိပ်ကမ်းကိုသွင်းတယ်။ တချို့ကုန်တွေကြတော့ ထိုင်းနိုင်ငံ၊ ချင်းဆယ်ဆိပ်ကမ်းကနေ မယ်ဆိုင်ဝင်ပြီး တာချီလိတ်ကို ပြန်ဝင်ရတာပေါ့။ အဓိက တရုတ်နယ်စပ်ဂိတ်တွေအကုန်လုံးက ပိတ်ထားတော့ အဆင့်ဆင့် ပြန်သွင်းရတဲ့သဘောပါပဲ”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဒီလိုလမ်းကြောင်းပြောင်းသယ်ရတဲ့ ကုန်တွေထဲမှာ လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေအများဆုံးပါဝင်ပြီး ခရီးအဆင့်ဆင့်ကုန်သွယ်နေရတဲ့အတွက် ကုန်သယ်ယူပို့ဆောင်ခပိုတက်လာပြီး ကုန်ဈေးနှုန်းတွေလဲ ပိုတက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေကနေ ကျိုင်းတုံ-တောင်ကြီးအထိ ကုန်သယ်ခဟာ အရင်က ဆယ်ဘီးကားတစ်စီးကို ကျပ် ၁၀ သိန်းကျော်သာရှိပေမယ့် အခုနောက်ပိုင်း ၁၀ဘီး ၁၂ ဘီးကားတစ်စီးကို ကျပ်သိန်း ၃၀ နဲ့အထက် သယ်ယူပို့ဆောင်ခပေးနေရပြီး ဂိတ်ကြေးကလဲ လမ်းကြောင်းတစ်လျောက် တရားမဝင်ပေးဆောင်ရတာ ကားတစ်စီးကို ကျပ်သိန်း ၂၀ ကျော်ရှိတယ်လို့ ကုန်ကားမောင်းသူတွေထံက သိရပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းကို မဲခေါင်မြစ်ကြောင်းတစ်လျောက် ကုန်သွယ်မှုမှာ တရုတ်နိုင်ငံ ကျင်းဟုတ်ဆိပ်ကမ်းကနေ ကုန်သွယ်မှုတာရှိသလို မိုင်းလားဒေသအတွင်း ဆွတ်လွေဆိပ်ကမ်းကတဆင့် တရုတ်ကုန်စည်တွေကို တာချီလိတ် ဝမ်ပုံဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံ ချင်းဆယ်ဆိပ်ကမ်းအထိ ကုန်သွယ်မှုတာတွေ ရှိနေတာဖြစ်ပါတယ်။
မဲခေါင်မြစ်ကြောင်းတစ်လျှောက် အရင် တရုတ်ကုန်တွေကို တရားမဝင်ကုန်သွယ်တာတွေရှိနေခဲ့ပေမယ့် အခုနောက်ပိုင်း တရုတ်အစိုးရက ဆိပ်ကမ်းတွေကတဆင့် ကုန်စည်စီးဆင်းမှုကို တင်းကြပ်နေတာကြောင့် ကုန်သည်တွေအနေနဲ့ ကုန်သွယ်ဖို့ ခက်ခဲနေပါတယ်။
ISP Myanmar က ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၄ နှစ်တာကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်ရှိပြီး နယ်စပ်ကုန်သွယ်ရေး စခန်း သုံးပုံတစ်ပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံညွှန်း – မိုင်းလားဒေသအတွင်းက မဲခေါင်မြစ်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဆွတ်လွေဆိပ်ကမ်းကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
MK-002








