မဲခေါင်၊ အောက်တိုဘာ ၂၃
ရှမ်းမြောက်က တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားသလိုဖွင့်ထားတဲ့ ဂိတ်တွေကလည်း ကုန်ပစ္စည်းတွေ သွင်းခွင့် ပိတ်ပင်တင်းကြပ်ထားတယ်လို့ သိရပါတယ်။
တရုတ် – မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်တဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း ဂိတ်တွေကို တရုတ်အစိုးရက ပိတ်ထားတဲ့အပြင် ဖွင့်ထားတဲ့ မိုင်းလား- ဆစ်ဆောင်ပန်နားနယ်စပ် တာလော့ဂိတ်နဲ့ မူစယ်ဂိတ်တွေမှာကုန်ပစ္စည်းတွေကို တင်းတင်း ကြပ်ကြပ် စစ်ဆေးကာ ယာယီပိတ်ပင်တာတွေ လုပ်နေတယ်လို့ တရုတ်ဆိုရှယ် မီဒီယာတွေက ဖော်ပြနေကြောင်းသိရပါတယ်။
အလားတူ ပန်ဝိုင်၊ မုန်အား(ပန်ဆန်း) နဲ့ မိုင်းပေါက်အစရှိတဲ့ ဂိတ်ကြီးတွေကိုတော့ ပိတ်ပင်တာမျိုးမလုပ်ပေမဲ့ ကုန်စည်စီးဆင်းမှု လုံးဝတားမြစ်ထားပြီး လူအဝင်အထွက်တွေကိုပါ တင်းကြပ်ထားတယ်လို့ သိရပါတယ်။
လတ်တလောမှာ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေအရ တရုတ်နိုင်ငံရဲ့ ပို့ကုန်တွေဖြစ်တဲ့ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဘက္ထရီ၊ ဆိုလာပြား၊ မီးသီးမီးအိမ်၊စောင်၊ ဘိလပ်မြေ ၊ စားသောက်ကုန်အစရှိတာတွေ မြန်မာပြည်ကိုပို့ဆောင်မှု ယာယီပိတ်ပင်ထားတယ်လို့ သိရပါတယ်။
“စစ်ရှူံးနေတဲ့ စစ်ကောင်စီဖက် ဘက်လိုက်ပြီး EAOs တွေကို ဖြတ်၅ဖြတ်နဲ့ ဖိအားပေးနေတာလေ၊ အခု ကချင်ဘက်က နယ်စပ်ဂိတ်တွေကိုလဲ ပိတ်တယ်၊ လောလောဆယ်တော့ ပြည်သူတွေ နစ်နာပေမယ့် အဓိက နစ်နစ်တာက တရုတ်ဘက်ပဲ၊ သူတို့ရဲ့ BRI တွေသာမက ဂိတ်တွေက ကုန်သွယ်ခတွေ ဘီလျံနဲ့ချီ နစ်နာဆုံးရှူံးနေတာ၊ အဖွဲ့တွေ လမ်းကြောင်းရှာဖောက်ထွက်ပြီး တောင့်ခံနိုင်ရင် တရုတ်ဖွင့်ကို ဖွင့်ရမှာ’လို့ နိုင်ငံရေးအကဲခတ်သူ တးစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ – Institute For Strategy and Policy Myanmar ရဲ့ သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန စာတမ်းမှာ တရုတ်နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ခုနှစ် ဇွန်လအထိ အမေရိကန် ဒေါ်လာ ကိုးဘီလီယံနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)အပြီးမှာ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဖွင့်ခဲ့ပေမဲ့ စစ်ဆင်ရေး အပိုင်း(၂)မှာတော့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ရှမ်းမြောက်က နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ပင်ထားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာကိုလာပြီးနောက်မှာ ပိုမို ပိတ်ပင် တင်းကြပ်လာနေတာလို့ သိရပါတယ်။
MK-012








