မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်နဲ့ ပန်လုံမြို့မှာ ယွမ်ဈေး မတည်ငြိမ်မှုကြောင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးတက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ဝပြည်မှာ ယွမ်ဈေးမတည်မငြိမ် ဖြစ်နေပြီး အများဆုံး တစ်ရာယွမ်ကို မြန်မာငွေ ၈ သောင်းကျပ်အထိ မြင့်တက်ခဲ့သလို လက်ရှိမှာလည်း ယွမ်ဈေးပြန်ကျပေမယ့် ကုန်ဈေးနှုန်းတွေက ဈေးမကျဘဲ ရှိနေသေးတာပါ။
“မြန်မာငွေနဲ့တွက်လို့ ဈေးကြီးနေတာ။ ဒီမှာက ယွမ်ရော၊ ကျပ်ရော သုံးကြတယ်။ ပစ္စည်းတွေက ပြတ်တာတွေတော့ မရှိပါဘူး။ ဈေးကြီးတာပဲ ရှိတာ” လို့ စစ်အာဏာသိမ်း ကာလအတွင်း ဟိုပန်မှာ လာရောက်ခိုလှုံနေသူ တစ်ဦးက ပြောပါတယ်။
ရှမ်းဆန်တစ်အိတ်ကို ၂ သိန်းကျော်ဝန်းကျင်၊ ဝက်သား တစ်ပိဿာ ၃ သောင်းခွဲကျပ်၊ မွေးမြူရေး ကြက်သား တစ်ပိဿာ ၄ သောင်းခွဲကျပ်၊ အိမ်ကြက် တစ်ပိဿာ ၆ သောင်းကျပ်၊ အမဲသား တစ်ပိဿာ ၄ သောင်းခွဲကျပ်၊ ငါးခြောက် တစ်ပိဿာ ၆ သောင်းကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂ သောင်းခွဲကျပ်၊ ကြက်သွန်နီ တစ်ပိဿာ တစ်သောင်းကျပ်ဝန်းကျင် အထိရှိနေပြီး စက်သုံဆီဈေး အနေနဲ့ ၆ ထောင်ကျော်ဝန်းကျင် ပေးဝယ်ရတယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံအဝှမ်း တိုက်ပွဲတွေကြောင့် ‘ဝ’ပြည်ကို ဝင်မယ့်လမ်းကြောင်းတွေ ပိတ်ဆို့နေပြီး တရုတ်ဘက်ကလည်း ကုန်သွယ်ရေးကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတာကြောင့် ကုန်သည်တွေဘက်ကလည်း ဈေးကစားနေကြတယ်လို့ ဆိုပါတယ်။
“ကားက တခါဝင်ဖို့ တော်တော်ကြာတယ်။ ဝင်ရင်လည်း ဆက်တိုက်ပဲ။ ဈေးတက်ကြတာက လမ်းကြေးတွေများလာတာလည်း ပါတယ်။ ကျမတို့ဆီရောက်ဖို့ ဂိတ် ၁၀ ခုကျော် ဖြတ်ရတာ” လို့ ဈေးသည် တစ်ဦးက ပြောပါတယ်။
ဝပြည်က ဟိုပန်နှင့် ပန်လုံမှာ ယွမ်အပြင် ကျပ်ငွေကိုလည်း တချို့နေရာတွေမှာ အသုံးပြုကြပြီး ဒီနေ့ (စက်တင်ဘာ ၄) ပေါက်ဈေးအရ ၁၀၀ ယွမ်ကို ၇ သောင်းခွဲကျပ် ရှိတယ်လို့ သိရပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တာမျိုး မရှိပေမယ့် စစ်ဆင်ရေး ပထမပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့က ဟိုပန်နဲ့ ပန်လုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး UWSA ကို လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
MK-014








