မဲခေါင်၊ ဩဂုတ် ၂၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စားအုန်းဆီ၊ ရောနှောဆီ ၄၅ ရာခိုင်နှုန်းခန့် ဈေးတက်လာပြီး စတိုးဆိုင်၊ စူပါမားကတ်တွေမှာ ပစ္စည်းပြတ်နေပြီလို့ ကိုယ်တိုင်ဝယ်ယူခဲ့သူတွေက ပြောပါတယ်။
ဇူလိုင်လအတွင်းက စစ်ကောင်စီရဲ့ စားအုန်းဆီ သတ်မှတ်ဈေးဟာ ၅၄၈၅ ကျပ်သာ ရှိခဲ့ပေမယ့် ဩဂုတ်လအစပိုင်းမှာ ၅,၇၈၀ ကျပ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှာ ၆၁၇၀ အထိ မြင့်တက်လာခဲ့တာကြောင့် ပြင်ပဈေးကွက်မှာလည်း ၄၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာတာပါ။
“သူတို့တက်ရင် အပြင်လည်း လိုက်တက်မှာပေါ့။ ဈေးတက်တာနဲ့ စားသောက်ဆိုင်ကြီးတွေက အကုန်လုံးလိုက်သိမ်းတယ်လို့ ကြားတယ်။ အခုတော်တော်များများ ဝယ်မရတော့ဘူးလေ” လို့ စားအုန်းဆီ လိုက်လံဝယ်ယူနေသူ တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့၊ ပြင်ပဈေးကွက်မှာ စားအုန်းဆီဈေးနှုန်း ၁၁,၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၇,၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ဆီကုန်သည်တွေရောင်းချတဲ့ ဈေးနှုန်းဟာ ၆,၅၀၀ ကျပ် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဆီကုန်သည်တွေရောင်းချပေးတဲ့ စားအုန်းဆီတွေဟာ ရောင်းချပေးမယ့် နေရာတွေကို ကြိုတင်မသိနိုင်တာ၊ ဆိုင်ဖွင့်ထားသူတွေကိုပဲ ရောင်းချပေးတာ၊ ဆန်နဲ့ဆီ တွဲလျက် ဝယ်ယူခိုင်းတာ၊ တစ်နေကုန်နီးပါး တန်းစီရတာ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြပြီး အကန့်အသတ်နဲ့ပဲ ရောင်းချပေးတာ စတဲ့ အချက်တွေကြောင့် ဝယ်ယူသူတွေဖက်က အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
“ဆီတွေက ဝင်တယ်။ ဒီဖက်က ကုမ္ပဏီတွေ ငွေမချေနိုင်လို့ မချရသေးတာ။ ကုမ္ပဏီတွေကလည်း စစ်တပ်ဈေးတက်ရောင်းရင် ဖမ်းမယ်ဆိုတော့ သူတို့က မဝယ်ရဲသေးတာ။ အရှုံးမခံနိုင်တော့ဘူးလေ။ ဈေးတက်တာက ကုမ္ပဏီနဲ့ မဆိုင်ဘူး။ လက်လီဆိုင်တွေက ပစ္စည်းပြတ်လို့ သူ့ဘာသာသူ တက်ရောင်းတာ” လို့ တောင်ကြီးမြို့ရှိ ဆီကုန်သည် တစ်ဦးက ပြောပါတယ်။
စားအုန်းဆီ ဈေးတက်တဲ့ နောက်ဆက်တွဲအနေနဲ့ စားအုန်းဆီကို အမှီပြုထုတ်လုပ်ရတဲ့ အေးသူဇာ၊ ရွှေပဲ၊ စိန်၊ ကျောက်စိမ်း စတဲ့ ရောနှောဆီဈေးနှုန်းတွေဟာလည်း တစ်ပိဿာ ၈,၀၀၀ အထိ တက်လာတယ်လို့ ဆိုပါတယ်။
စားအုန်းဆီကို စားသောက်ကုန် လုပ်ငန်းတွေနဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေက အဓိက အသုံးပြုကြပြီး လက်ရှိမှာ ဈေးနှုန်းအဆမတန် မြင့်တက်နေတာကြောင့် ဆက်စပ်ကုန်ပစ္စည်းတွေပါ ဈေးထပ်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှု ပိုများလာနိုင်တယ်လို့ ဒေသတွင်း လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
MK-015








