မဲခေါင်၊ ဩဂုတ် ၆
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ စစ်ကောင်စီ စစ်တက္ကသိုလ် ရှိတဲ့ ပြင်ဦးလွင်မြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး ပြန်လည်မှောင်ခို ရောင်းချသူတွေဆီကသာ ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ် ကတည်းက စက်သုံးဆီကို အကန့်အသတ်နဲ့ လိုင်စင်ရ ဆီပန့်တွေက ရောင်းချပေးခဲ့ပေမယ့် ဒီနေ့ ဩဂုတ် ၆ နေ့လည်ပိုင်းမှာတော့ လုံးဝ ပြတ်သွားပြီလို့ ဆိုပါတယ်။
“ဘယ်တော့ ထပ်ဝင်မလဲ မသိသေးဘူး။ တန်းစီဆိုလို့ စီတယ်လေ။ ကိုယ့်အလှည့်ဆို ကုန်ပြီ။ မှောင်ခိုဆိုင်တွေတော့ ရှိတယ်။ ဝယ်မယ်ဆိုရင် ထမင်းတစ်နပ်ထက် ဈေးကြီးနေလို့ တော်တော်စဉ်းစားယူရတယ်” လို့ ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောပါတယ်။
မှောင်ခိုဈေးနှုန်း အနေနဲ့ ၉၂ တစ်လီတာ ၉၀၀၀ ကျပ်နဲ့ ၉၅ က တစ်သောင်းကျပ်ကျော်အထိ ပေါက်ဈေး ရှိနေပြီး ပြင်ပ လိုင်စင်ရဆီဆိုင်တွေကလည်း ဆီဝင်တဲ့ အချိန်တွေမှာ မတန်တဆ ဈေးတင်ရောင်းချနေကြပါတယ်။
လက်ရှိ ပြင်ဦးလွင်မြို့တွင်းမှာ ဆီဆိုင်အားလုံး ပြတ်လပ်နေပြီး မြို့ပြင် အဝိုင်းပတ်၊ အနီးစခန်း မီးပွိုင့်အနီး တိုးကြီးကုန်းရွာ၊ မြိုင်ကြီးရွာ၊ မိုးကြိုးရွာမ စတဲ့ ကျေးရွာတွေက ဆိုင်တွေမှာတော့ ဆီဝင်တဲ့ အချိန်တွေမှာ ၆ ထောင်ကျပ် ဝန်းကျင်နဲ့ ရောင်းချပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့က ဆီပန့်တွေကို ဆီဝင်လာတဲ့အချိန်မှာလည်း ကားတစ်စီး ၃ သောင်းကျပ်နှုန်းဖိုး၊ ဆိုင်ကယ်တစ်စီး ၅ ထောင်ကျပ်ဖိုးသာ ရောင်းချပေးတာကြောင့် မြို့ခံတွေအတွက် လုံလောက်မှု မရှိဘဲ စီးပွားရေး ကြပ်တည်းလာတယ်လို့ သိရပါတယ်။
“ပြထားတာက ၃ ထောင်ဝန်းကျင်ဆိုရင် သူတို့စက်က ၆ ထောင်ကျော် ဖြတ်တယ်။ တစ်စီးကို ၅ ထောင်ဖိုးဆိုတော့ တစ်ရက် တစ်လီတာတောင်မရဘူး။ ဘယ်လိုလုပ်ကိုင်စားရမလဲ” လို့ ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်တက်စီ ပြေးဆွဲနေသူ တစ်ဦးက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ် အပါအဝင် စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက စက်သုံးဆီကို အလုံးသိမ်းထားသလို ဆီပန့်တွေကလည်း ကုန်ဈေးနှုန်းတက်ချိန်ကို စောင့်ပြီး ရောင်းချနေကြတယ်လို့ မြို့ခံတွေက ဝေဖန်ထားပါတယ်။
MK-014








