မဲခေါင်၊ ဇူလိုင် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီအရောင်းဆိုင်တွေက တစ်လီတာကို ၆၈၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပေမယ့် ဆိုင်ကယ်တစ်စီးကို ၅ ထောင်ကျပ်၊ ကားတစ်စီးကို ၂ သောင်းကျပ် သတ်မှတ်ထားတာကြောင့် မြို့ခံတွေအနေနဲ့ လုံလောက်မှု မရှိတဲ့အတွက် ပြင်ပဆိုင်တွေမှာပဲ ဈေးကြီးပေး ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
“ဈေးတက်တာလည်း နားလည်ပါတယ်။ ဒါတွေက ပြည်တွင်းဖြစ်မှ မဟုတ်တာ။ အုပ်ချုပ်သူ အသုံးမကျရင် ဈေးက တက်မှာပဲ။ တိုက်ပွဲအခြေအနေတွေနဲ့ လမ်းကြောင်း အနေအထားတွေကလည်း ဗူးလေးရာ ဖရုံဆင့်စေတယ်။ ခေါင်းဆောင် အသုံးမကျတော့ ပြည်သူက ပိုပြီး ဆင်းရဲလာတယ်” လို့ ဓါတ်ဆီဝယ်ဖို့ စောင့်ဆိုင်းနေသူ တစ်ဦးက ပြောပါတယ်။
တစ်လီတာ ၆၈၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးတဲ့ ဆိုင်တွေဟာ ယာဉ်အရေအတွက် ကန့်သတ်တာအပြင် ရောင်းချတဲ့ အချိန်လည်း သတ်မှတ်ထားတာကြောင့် တန်းစီရတဲ့ နေရာတွေမှာ နေရာရောင်းစားသူတွေလည်း ပေါ်ပေါက်လာတယ်လို့ ကိုယ်တိုင်ဝယ်ယူခဲ့သူတွေဆီက သိရပါတယ်။
ယာဉ်အရေအတွက်နဲ့ အချိန်ကန့်သတ်ပြီး ရောင်းချပေးတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဟာ ၃ ဆိုင်ခန့်သာ ရှိပေမယ့် ဈေးတင်ပြီး တစ်ဆင့်ပြန်ရောင်းချတဲ့ ဆိုင်တွေဟာ ရပ်ကွက်တိုင်းလိုလိုမှာ မရေတွက်နိုင်အောင် ရှိတယ်လို့ ဆိုပါတယ်။
“အရင်တစ်ပါတ်ကတောင် ပန့်မှာ ၄၀၀၀ ပဲ။ အခုက တိုက်ပွဲတွေနဲ့ဆိုတော့ ၇ ထောင်နီးပါး ဖြစ်လာတာ။ ဒီချိန် ဓါတ်ဆီက ရွှေထက် အရေးကြီးနေတယ်။ ရွှေက ကြိုက်တဲ့နေရာ ရောင်းလို့ရတယ်။ ဓါတ်ဆီက ပိုက်ဆံရှိတိုင်း ဝယ်လို့ မရဘူး” လို့ ပြင်ပဆိုင်မှာ တစ်လီတာ ၂ သောင်းကျပ်ပေးဝယ်ခဲ့သူ တစ်ဦးက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့က မြစ်ကြီးနား – ဝိုင်းမော် – ကန်ပိုင်တီ လမ်းတစ်လျှောက်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် လမ်းပိတ်သွားပြီး စက်သုံးဆီဈေးတွေ တရိပ်ရိပ် တက်လာပေမယ့် မန္တလေးဘက်က ဝင်နေတာကြောင့် အခုအခြေအနေလောက် မဆိုးရွားခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက မန္တလေး – မြစ်ကြီးနား လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တစ်ခုတည်းသော လမ်းကြောင်းဟာ ပိတ်သွားခဲ့ပြီး စက်သုံးဆီဈေး အဆမတန် တက်လာတာလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
MK-014








