မဲခေါင်၊ ဇွန် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်နေတာကြောင့် ဝယ်ယူသူတွေ တန်းစီစောင့်ဆိုင်းနေရပြီး လိုသလောက်လည်း ဝယ်လို့မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့ကတည်းက မြစ်ကြီးနား – ဝိုင်းမော် – ကန်ပိုင်တီလမ်း တစ်လျှောက်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ထိုးစစ်ဆင်ခဲ့တာကြောင့် ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားပြီး စက်သုံးဆီဈေး တက်လာတာပါ။
“လမ်းက အစက KIA ပိတ်တယ်။ အခုက KIA ပြန်ဖွင့်ပေးတယ်၊ စစ်တပ်က ပြန်ပိတ်ထားတာ။ ဓါတ်ဆီကတော့ မန္တလေးက နည်းနည်းဝင်တယ် ပြောတယ်။ ဘယ်လောက်မှတော့ မရပါဘူး” လို့ မြစ်ကြီးနားမြို့ခံ ကုန်သည် တစ်ဦးက ပြောပါတယ်။
မြစ်ကြီးနား မြို့ပေါ်မှာ စက်သုံးဆီ အရောင်းဆိုင် ၂၀ နီးပါး ရှိပေမယ့် လက်ရှိမှာ ၃ ဆိုင်ကသာ ရောင်းချပေးနေပြီး ဆိုင်ကယ် တစ်စီးကို တစ်သောင်းဖိုးနဲ့ ကားတစ်စီးကို ၃ သောင်းဖိုးအထိပဲ ဝယ်ယူလို့ ရတော့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တခြားဒေသတွေမှာ 92 တစ်လီတာ ၂၆၀၀ ကျပ်ဝန်းကျင်နဲ့ 95 တစ်လီတာကို ၂၇၅၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေး ရှိနေပေမယ့် မြစ်ကြီးနားမြို့မှာတော့ 92 တစ်လီတာကို ၄၀၀၀ ကျပ်နဲ့ 95 တစ်လီတာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်နေတာပါ။
“မန္တလေးက ဝင်တာတွေက အရမ်းနည်းတယ်။ လမ်းတစ်လျှောက်လုံးလည်း ဘော်ဒါကြေးပေးရတော့ ဈေးကတက်ပြီလေ။ တကယ်ဆို ပစ္စည်းပြတ်ပေမယ့် မန္တလေးက ဝင်တာနဲ့တင် ထိန်းပေးလို့ရတယ်။ အဓိက ဘော်ဒါကြေးပေးရလို့ ဈေးတက်တာ” လို့ ဆီဘောက်ဆာ ကားမောင်းသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အလားတူ မြစ်ကြီးနားမြို့နဲ့ နီးစပ်တဲ့ ဝိုင်းမော်မြို့မှာလည်း စက်သုံးဆီ အရောင်းဆိုင် ၆ ခု ရှိတဲ့အထဲက တစ်ဆိုင်ကသာ ရောင်းချပေးနေပြီး လိုသလောက်လည်း ဝယ်လို့မရသေးပါဘူး။
“ဘော်ဒါကြေးက ဘာနေနေ ပေးရတယ်။ပစ္စည်းတွေ တင်ရင် ဘောင်ချာမှာကို ဘော်ဒါကြေးလို့ ရေးပြီးကို တောင်းတာ။ ဆီဘောက်ဆာကားတွေ ပိုဆိုးတာပေါ့ ဘော်ဒါကြေးက KIA ရော PDF ရော စစ်တပ်ရော အကုန်ပေးနေရတာ” လို့ မြို့ခံကုန်သည် တစ်ဦးက ပြောပါတယ်။
စက်သုံးဆီပြတ်လပ်တဲ့ နောက်ဆက်တွဲအနေနဲ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာပြီး လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေအတွက် စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ စုံစမ်းသိရပါတယ်။
MK-014








