မဲခေါင်၊ ဧပြီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ခလရ – ၁၄၂ ထဲက ငွေ အများအပြားနဲ့ ပစ္စည်းတချို့ကို ဧပြီလ ၉ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်း ရရှိထားကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။
“ ပိုက်ဆံတွေက အများကြီးပဲ။ သိန်းကို သောင်းနဲ့ ချီ။ သေတ္တာတွေထဲမှာရောပဲ။ သူတို့ သယ်လို့ မရလို့ ထားခဲ့တာထင်တယ်။ ယူလို့ ရတဲ့ တရုတ်ငွေနဲ့ ကျောက်စိမ်းတွေက ယူသွားရောပေါ့။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ခလရ-၁၄၂ မှ စစ်ကောင်စီတွေဟာ ဧပြီလ ၈ ရက်ည ၁၀ နာရီခန့်မှာ စခန်းကိုစွန့်ပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားကြတာပါ။
“ သိန်း ငါးသောင်းကျော်တယ်။ ဗမာငွေမို့လို့ များတော့ သယ်လို့ အဆင်မပြေလို့ နေမှာ။ လမ်းတွေကလည်း တခြားလမ်းကနေ ပြန်လို့ မရတော့ဘူးလေ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ကြေးလား ရွှေလား မသိရသေးတဲ့ ပစ္စည်းတွေရယ်၊ ကားတွေရော သိမ်းရတယ်လို့ သူက ပြောပါတယ်။
နှစ်ဖက် တိုက်ပွဲ မရှိပေမယ့် စစ်ကောင်စီတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ အားလုံး လွယ်ဂျယ်မြို့က ထွက်ခွာသွားကြပြီ ဖြစ်တာကြောင့် လက်ရှိမှာတော့ လွယ်ဂျယ်မှာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့ကစ ယမန်နေ့ ဧပြီလ ၉ ရက်နေ့ အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ လွယ်ဂျယ်မြို့ အပါအဝင် လွယ်ဂျယ် – ဗန်းမော် ကုန်သွယ်ရာ လမ်းတလျှောက်က စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက် ရှင်းလင်း သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
CJ-008