မဲခေါင်၊ နို၀င်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့အဝင်က စစ်ကောင်စီတပ်ဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က ဝင်ရောက် တိုက်ခိုက်ရာ စစ်သားတွေ ဂိတ်ကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့၊ ည ၇ နာရီခွဲ ဝန်းကျင်မှာ TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ဂိတ်ကို စွန့်ခွာပြီး မြို့တွင်း ၀င်ပြေးသွားတာလို့ ဆိုပါတယ်။
“အခု အဲဂိတ်မှာ စစ်တပ်ရော ပြည်သူ့စစ်ရော ဘာမှမရှိတော့ဘူး။ သူတို့ (စစ်တပ်) ထွက်ပြေးလာတဲ့အချိန် မြို့ထဲလည်း သေနတ်တွေ လျှောက်ပစ်နေတာ။ မနက်ကတောင် စစ်တပ်က ဈေးထဲမှာ လျှောက်ပတ်နေကြတာ” လို့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်က မြို့ပတ်လည် ဘုရားနဲ့ သာယာကုန်းရပ်ကွက် အနီးက စစ်တပ် စခန်း (၁) မှာ ပူးပေါင်း တပ်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ် စခန်း (၁) က လက်နက်ကြီးနဲ့ ပစ်ကူရာမှာ နောင်စန့်ရပ်ကွက်၊ မန့်ခမ်းရွာနဲ့ ကောင်းတပ်ကျေးရွာထဲကို လက်နက်ကြီး ၂၀ လုံး ကျရောက် ပေါက်ကွဲခဲ့သလို စစ်တပ်ဂိတ်အနီးမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံး ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နောက်ထပ် မြို့ခံအမျိုးသား တစ်ဦးက “စစ်တပ်ပစ်လာတဲ့ လက်နက်ကြီးက အိမ်တောင်တုန်တယ်။ ကျနော်တို့ အနီးမှာပဲ ကျတာ။ လူထိ မထိတော့ ခုထိတော့ မသိကြသေးဘူး။ ဗုံးထိတဲ့ အိမ်တွေတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကောင်းတပ်ကျေးရွာက နေအိမ်တွေ ပျက်စီးမှုရှိပေမယ့် လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးတဲ့ အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း နမ့်ခမ်း-နမ့်ဖတ်ကာ လမ်းကြားက စစ်ကောင်စီတပ်နဲ့ TNLA တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း သာယာကုန်းရပ်ကွက် အနီး ကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် အသက် ၁၂ အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
CJ-014
#MeKongNews
#နမ့်ခမ်းမြို့
#TNLA
#လက်နက်ကြီး








