ညောင်ရွှေမြို့နယ်က ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ် နေအိမ်များ ပျက်ဆီး
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင် ရေပူကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာများကို စစ်ကောင်စီက ယမန်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ် သုံးလုံးပျက်စီးခဲ့သည်။
ယမန်နေ့ ၊ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဘုရားတောင် ရေပူကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဒရုန်းဖြင့် ဗုံးသီး ခြောက်ကြိမ် ကြဲသဖြင့် နေအိမ်နှစ်လုံးပျက်စီးခဲ့သည်။
အလားတူ ယမန်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင် တောင်ပို့ကွဲကျေးရွာကိုလည်း စစ်ကောင်စီက မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျေးရွာများ၌ တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိပဲ စစ်ကောင်စီက အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများကို ဦးတည်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောသည်။
“ ပြည်သူတွေကို အကြောက်တရားတွေ ဒုက္ခတွေပေးပြီး သတ်ဖြတ်နေတာလို့မြင်ပါတယ်၊ ကျွန်တော်တို့ကိုပစ်မယ်ဆိုရင် စစ်ကိုစစ်နဲ့တူအောင်တိုက်ရင် ဒီလိုလုပ်စရာအကြောင်းမရှိဘူး”ဟု သူကပြောသည်။
ယခုလ ၅ ရက်မှ ၁၂ ရက်အထိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုနှစ်၊ ဇန်နဝါရီလတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သားသုံး ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်ဆီးခဲ့သည်။
သုဝဏ္ဏခွန်
#MeKongNews
ဓါတ်ပုံ။ ။ အင်းလေးလူ့အခွင့်အရေးအဖွဲ့
ပုံစာ။ ။ စစ်ကောင်စီ၏ မီးလောင်ဗုံးကြောင့် မီးလောင်နေသည့် ဒေသခံနေအိမ်









