မဲခေါင်၊ ဇန်ဝါရီ ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့ကို ဒီနေ့(ဇန်နဝါရီလ ၂၂) မနက်ပိုင်း ၁၁ နာရီ ခွဲခန့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးထပ်ကြဲတာကြောင့် ဒေသခံ ရှစ်ဦးသေဆုံးတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဗုံးနှစ်လုံးနဲ့ မနေ့က ဗုံးတစ်လုံးကြဲခဲ့တာ ဖြစ်ပါတယ်။
၁၁ နာရီ ၂၃ မိနစ်မှာ လေယာဉ်ဟာ တောင်ဘက်ကပျံသန်းလာပြီး ဗုံးကြဲခဲ့ရာ ပါရမီ ၂ လက်ရည်ဆိုင်က လူတစ်ချို့နဲ့ ဆိုင်ထိုင်နေသူ တစ်ချို့ ဗုံးထိသွားပြီး အနည်းဆုံး ၁၀ ဦး ၊ ၁၁ဦးခန့် ထိခိုက်နိုင်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူက မဲခေါင်ကိုပြောပါတယ်။
“ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ အိမ်ထဲ၀င်ပြေးသွားတာ”လို့သူက ပြောပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး နောင်ချိုမြို့မ ရဲစခန်းနဲ့ပါရမီလက်ဖက်ရည်ဆိုင်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ငါးဦးနဲ့ အမျိုးသမီး သုံးဦးသေဆုံးကြောင်း ဖော်ပြထားပါတယ်။
သေဆုံးသူအရေအတွက်ဟာ TNLA ရဲ့ ထုတ်ပြန်စာရင်းသာဖြစ်ပြီး မြေပြင်မှာ အခုထက် များပြားနိုင်တယ်လို့ ဒေသခံကခန့်မှန်းပေမယ့် လတ်တလောမှာ အတိအကျကို အတည်ပြုလို့မရသေးပါဘူး။
ဗုံးကြောင့် နေအိမ် နှစ်လုံးနဲ့ ရဲစခန်းပျက်စီးသွားခဲ့ပြီး ဗုံးစထိမှန်တဲ့ ဒေသခံပြည်သူတွေကို PSLF/TNLA မီးသတ်ဌာန၊ ရဲဌာနနဲ့ ပြည်သူတွေ ဝိုင်း၀န်း ဆေးကုသမှုနဲ့ကယ်ဆယ်ရေး ပြုလုပ်ခဲ့ကြပါတယ်။
မနေ့က(ဇန်နဝါရီလ ၂၁)လည်း စစ်ကောင်စီက နောင်ချိုမြို့ စည်ပင်ရုံးနားနဲ့ ထွေအုပ်ရုံးနားကို လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
လတ်တလောမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ၂ ရက် ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
MK – 016
#MeKongNews









