PNLA ထိန်းချုပ် နောင်ထောဝ်ရွာကို စစ်ကောင်စီ ဗုံးကြဲ
မဲခေါင်၊ ဇန်နဝါရီ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီက မနေ့ (ဇန်နဝါရီ ၁၄) မှာ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ရွာအတွင်းက ဓမ္မာရုံတစ်ခု ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ပါတယ်။
နောင်ထောဝ်ရွာအတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်ကို ဗုံးနှစ်လုံးနှုန်းနဲ့ နှစ်ကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့တာလို့ PNLA ဘက်က ပြောပါတယ်။ လူထိခိုက်ကိုတော့ မသိရသေးပါဘူး။
“ဒီလိုလုပ်ရပ်တွေကိုကြည့်ရင် စစ်ကောင်စီက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာဖြစ်တယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောင်ထောဝ်ကျေးရွာဟာ PNLA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး ဆီဆိုင်မြို့နဲ့ ၁၀ မိုင်ကျော်ခန့် ဝေးပါတယ်။ ဆီဆိုင်မြို့အနီးမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီ ၁၁ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် တောင်ယာမှ ပြန်လာတဲ့ ဒေသခံအမျိုးသမီး သုံးဦးအနက် သားအမိနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်ကလည်း မောက်မယ်မြို့နယ်၊ ဗန်းမက်ရွာမှာရှိတဲ့ PNLA ဌာနချုပ်ကို စစ်ကောင်စီက ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့လို့ ဆေးခန်းတစ်ခု ပျက်စီးခဲ့ပါသေးတယ်။
MK-017
#MeKongNews









