BWN က ပစ်ခတ်တဲ့ ရှော့တိုက်ဒုံး စစ်ကောင်စီဒုခေါင်းဆောင် ရောက်ရှိနေတဲ့ ပြည်နယ်ခန်းမကို ကျရောက်၊ ထိခိုက်မှုစုံစမ်းနေဆဲ
မဲခေါင်၊ ဇန်နဝါရီ ၁၅
စစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ရောက်ရှိနေတဲ့ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမကို မနေ့(ဇန်နဝါရီ ၁၄)ည ၇ နာရီခန့်မှာ BWN က ၁၀၇ မမရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်မှုရှိနိုင်ပေမယ့် အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့ Brave Warriors for Myanmar (BWM)ကပြောပါတယ်။
လွိုင်ကော်မြို့နယ်၊ ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နဲ့ (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်းပြီး ရှော့တိုက်ဒုံး ၉ လုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ပစ်လိုက်တဲ့အလုံးတွေက စိုးဝင်းနဲ့သူ့လူတွေ စုဝေးနေတဲ့ ပြည်နယ်ခန်းမထဲကို တည့်တည့်ကျတာမို့ ထိခိုက်မှုကြီးနိုင်တယ်လို့သိရပါတယ်၊ ဒကစထဲကိုလည်းကျပါတယ်၊ အသေးစိတ်တိတိကျကျကိုစုံစမ်းနေဆဲဖြစ်ပါတယ်ခင်ဗျ” လို့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
BWM ကရှော့တိုက်ဒုံးပစ်ပြီးပြီးချင်းမှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့သလို ဒရုန်းတွေ လေယာဉ်တွေ ပျံဝဲနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင်တစ်ဦးသေဆုံးတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကို တော်လှန်ရေးတပ်တွေအနေနဲ့ ခက်ခဲစွာဖော်ဆောင်ခဲ့ရပြီး ပစ်ခတ်မှုအပြီးမှာ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးကိုမေးမြန်းရာမှာ ”ပစ်ခတ်မှုအရမ်းများတယ်၊ လိုက်စုံစမ်းဆဲ”လို့ပြောပါတယ်။
ကရင်နီတပြည်နယ်လုံးအတိုင်းအတာနဲ့စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေချိန်မှာ စစ်ကောင်စီက စစ်တပ်ထောက်ခံသူတွေနဲ့ ပူးပေါင်းကာ ၇၃နှစ်မြောက် ကယားပြည်နယ်နေ့ကို ကျင်းပဖို့ ကြိုးစားနေတာပါ။
“ဒီနယ်မြေကို သူတောင်လာပြီဆိုတော့ အခြေအနေအရမ်းကောင်းနေပြီဆိုတာ တခုပါတယ်၊ နောက်တခုက နေရာတိုင်းမှာ စစ်သားတွေကစိတ်ဓာတ်ကျနေပြီ၊ အကြီးပိုင်းတွေကမလာဘူးဆိုတဲ့ အတွေးမျိုးဝင်ပြီး အလွယ်တကူလက်နက်ချကုန်မှာ၊ အဲ့အခြေအနေမဖြစ်အောင် သူတို့အရဲစွန့်လာကြတာ”လို့ CDM တပ်မတော်သား ကိုဇေယျကပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ ၂၀၂၁ ခုနှစ်၊ မေလကစတင်ကာ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ပြီး ဒေသခံပြည်သူ နှစ်သိန်းကျော် စစ်ရှောင်နေရပါတယ်။
MK-016
#MeKongNews









