စစ်ကောင်စီဩဇာခံ PNO က စစ်မြေပြင်မှာ ကလေးအမျိုးသမီးစစ်သားတွေပါ အသုံးပြုနေ
မဲခေါင်၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်တောင်ပိုင်းရှိ စစ်ကောင်စီရဲ့ ဩဇာခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်ဟာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေအပြင် ကလေးအမျိုးသမီးတပ်သားတွေကို စစ်မြေပြင်မှာအသုံးချနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ကပြောပါတယ်။
သူတို့ကို စစ်မြေပြင်ပို့ဆောင်တာနဲ့ PNO ထိန်းချုပ်ထားတဲ့ စစ်ရေးဂိတ်တွေမှာ လုံခြုံရေး အစောင့်ချထားတာမျိုးတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်က စတင်ကာ အခုအချိန်ထိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ရဲ့ တပ်သားစုဆောင်းမှုနဲ့ စစ်သင်တန်း ပေးတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်အမျိုးသား၊ အမျိုးသမီးတွေ များစွာပါဝင်ခဲ့တယ်လို့ (PYO) တာဝန်ရှိသူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ဒီနောက်ပိုင်း စစ်သားစုဆောင်းမှုတွေလုပ်တဲ့နေရာမှာဆိုရင် PNO/PNA အနေနဲ့ အမျိုးသမီးတွေကို ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ လုပ်လာတာလည်းတွေ့ရတယ်ပေါ့လေ၊ PNO/PNA ရဲ့ စစ်သင်တန်းပေးတဲ့အထဲမှာ တောက်လျှောက်က အသက်မပြည့်သေးတဲ့ ကလေးတွေအများကြီးပါခဲ့ပါတယ်”လို့ သူကပြောပါတယ်။
အခုနှစ်၊ ဇန်နဝါရီ ၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာနားမှာရှိတဲ့ PNO နဲ့ စစ်ကောင်စီရဲ့ စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်းဖြင့် ဖမ်းဆီးရမိခဲ့သူတွေထဲ အသက် ၁၄ နှစ်နဲ့ အသက် ၁၃ နှစ်သာရှိသေးတဲ့ ကလေးစစ်သားနှစ်ဦးပါ ပါဝင်လာခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီးနောက် PNO ပြည့်သူစစ်တွေ ကလေးစစ်သားအသုံးပြုမှုကို သိရရှိကြရတာဖြစ်ပေမယ့် တကယ့်မြေပြင်မှာတော့ အရင်ကတည်းက အသက်မပြည့်သေးတဲ့ အမျိုးသား၊ အမျိုးသမီး ကလေးစစ်သားတွေကို တိုက်ပွဲတွေမှာ PNO ကအသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။
PNO ပြည်သူ့စစ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ အစရှိတဲ့မြို့နယ် တွေက ကျေးရွာဒေသခံတွေကို စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူတွေ မဖြစ်မနေစစ်မှုထမ်းဖို့နဲ့ PNO ပြည်သူ့စစ်ထဲ ဝင်ကြဖို့ ဒေသခံတွေကိုဖိအားတာတွေ ငွေကြေးတောင်းခံတာတွေ ကို လုပ်ဆောင်လျက်ရှိပါတယ်။
အခုလို အတင်းကြပ်ခေါ်ဆောင်ရာက တပ်ဖွဲ့ထဲဝင်ရောက်လာတဲ့ ပအိုဝ်းလူငယ်တွေကို ၁၅ ရက်၊ ၅ ရက်၊ ၃ ရက် သာ စစ်သင်တန်းပေးကာ ရှမ်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်လျက်ရှိတယ်လို့ သိရပါတယ်။
“ကိုယ့်အနီးအနားကလူတွေထဲမှာဘဲ သေသွားကြတာတွေရှိတယ်၊ နီးစပ်ရာကကြားရတဲ့သတင်းတွေဆိုရင် ရခိုင်ဘက်မှာဆိုလည်း ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေကိုပို့လိုက်တာ ပေါ့နော်၊ အဲလိုပို့လိုက်လို့ ရှေ့တန်းမှာသေဆုံးသွားပြီဆို ကျန်ခဲ့တဲ့မိသားစုတွေကို လက်တွေ့မြေပြင်မှာဘာမှမလုပ်ပေးဘူး၊ တခါတစ်လေ သေသွားတဲ့သတင်းတောင်မှ မထွက်အောင် ပိတ်ထားတာမျိုးတွေရှိပါတယ်”လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
PNO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တပ်သားအဖြစ်စုဆောင်းရာမှာ အသက် ၁၈ နှစ် အောက်ကလေးတွေကို စစ်မှုထမ်းဖို့နဲ့ အသက် ၃၅ နှစ်အထက် မကျန်းမမာသူတွေကိုပါ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးတာတွေ၊ ဖိအားပေးတောင်းယူတာတွေအပြင် လူငယ်တွေကို ဝါဒဖြန့်ခေါ်ယူတာတွေပါရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
CJ-017
#MeKongNews








