ဟိုပုံးမြို့မှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ PNO ပြည်သူ့စစ်ထဲ ဝင်ရောက်သူများပြားလာ
မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဟိုပုံးမြို့ပေါ်က လူငယ်တချို့ဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ PNO ပြည်သူ့စစ်ထဲကို ဝင်ရောက်စစ်မှုထမ်းသူတွေ များပြားလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကင်းလွတ်စေဖို့ PNO ပြည်သူ့စစ်ထဲ ဝင်ရောက်ကြတာလို့ အသံထွက်နေပေမယ့် စီးပွါးရေးလုပ်နေသူတချို့က သူတို့စီးပွါးရေးကို လက်နက်ကိုင် လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ PNO ထဲကို ဝင်ရောက်သူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ဖို့လည်းဟုတ်တယ်၊ တချို့ဆို ကားပွဲစားတွေကဝင်ပြီး အကြီးတွေနဲ့ တစ်ခါလောက် ရှေ့တန်းလိုက် လေးငါးလဆိုရင် အတို(ပစ္စတို)ဝယ်ကိုင်ခွင့်ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကိုင်စီးပွါးရေးရည်ရွယ်ချက်နဲ့ PNO ထဲဝင်ရောက်သူရှိသလို PNO ရဲ့ ဝါဒမှိုင်းတိုက်ခံရတဲ့လူငယ်တွေ၊ ရှေ့တန်းသွားပြီး စစ်တိုက်ရတာထက် ပြည်သူပစ္စည်းအဓမ္မရယူပြီးချမ်းသာချင်တဲ့သူတွေ၊ ပြည်သူ့စစ်ထဲမဝင်မနေရအမိန့်နဲ့ တောင်းတဲ့ငွေလည်းမပေးနိုင်တဲ့သူတွေဟာ PNO ထဲဝင်ရောက်ကြတာလို့ပြောပါတယ်။
ဟိုပုံးမြို့မှာ PNO ပြည်သူ့စစ်နဲ့ နီးစပ်တဲ့သူ များပြားလာသလို ရွာဘက်တွေမှာလည်း PNO ပြည်သူ့စစ်က ရက်တိုစစ်သင်တန်းပေးထားတာကြောင့် လူငယ်အားလုံးနီးပါးဟာ PNO ပြည်သူ့စစ် ထဲကို ရောက်သွားသလိုဖြစ်နေတယ်လို့ လူငယ်တစ်ဦးကပြောပါတယ်။
“ရွာဘက်ကဆို PNO ထဲ ရောက်ကုန်တဲ့သဘောပေါ့၊ လူပျိုတို့ ပေါရန်း(တခုလပ်မုဆိုးဖို)တို့ဆို အကုန် ၅ ရက်သင်တန်းလား ၇ ရက်သင်တန်းလား တက်ရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဟိုပုံးမြို့ပေါ် ရပ်ကွက်များက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို သုံးလလျှင်တစ်ကြိမ် တစ်အိမ် ၃ သောင်းနဲ့ ၅ သောင်းပေးကာ လူအစားထိုးပေးနေရတယ်လို့ သိရပါတယ်။
MK-017
#MK-012








