တော်လှန်ရေးတပ်တွေပိတ်ဆို့ထားတာကြောင့် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)ထဲက စစ်ကောင်စီအင်အားစုတွေ ဖေါက်ထွက်မရဖြစ်နေ
မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်နဲ့ ကရင်နီပြည် နယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့နဲ့ ခမရ(၄၂၂)ကို တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ ထွက်ပေါက်မရှိ ဖြစ်နေပြီး လေကြောင်းနဲ့ဗုံးကြဲတာ လက်နက်ကြီးပစ်တာတွေသာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီဟာ မိုးဗြဲမြို့ထဲမှာ မရှိတော့ပဲ အင်အားဖြည့်ရောက်ရှိလာတဲ့ ခမရ (၅၅၃)၊ ခမရ(၅၅၄)၊ ခမရ (၅၇၉) တပ်ရင်းတွေက ထုတ်နှုတ်စစ်ကြောင်းတွေနဲ့ အမတ( ၃၈၈) အင်အားအားလုံး မိုးဗြဲမြို့ အခြေစိုက် ခမရ( ၄၂၂ )တပ်တွင်းထဲမှာသာ စုစည်းကာ ခြေကုတ်ယူထားတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး တာဝန်ခံကိုထက်က မဲခေါင်ကိုပြောပါတယ်။
“ တပ်ရင်းထဲမှာပဲ စစ်တပ်ကကျန်တော့တယ်၊ ကျနော်တို့ရဲ့ လုံခြုံရေးစခန်းတွေကို ဖောက်ထွက်ဖို့ကြိုးစားနေတယ်” လို့သူကပြောပါတယ်။
တော်လှန်ရေးတပ်တွေကို ဖေါက်ထွက်လို့မရဖြစ်နေတဲ့ စစ်ကောင်စီဟာ မိုးဗြဲမြို့ပေါ်က အရပ်သားပြည်သူ နေအိမ်တွေကို လေကြောင်းကနေဗုံးကြဲတာ၊ အဆိပ်ငွေ့ပါတဲ့ဗုံးကြဲတာတွေအပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို တစ်ရက်နှစ်ကြိမ်အနည်းပြုလုပ်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခွန်တောင်ကြီးက မဲခေါင်ကိုပြောပါတယ်။
“ကျနော်တို့တပ်ပေါင်းစုတွေ ပူးပေါင်းပြီး လုပ်ဆောင်ဖို့တွေလဲရှိပါတယ်၊ စစ်ရေးအခြေအနေကတော့ တိုက်ပွဲဘယ်နေ့ထဖြစ်မလဲမသိဘူး၊ မြေပြင်မှာတော့အနီးဆုံးရှိနေပါတယ်၊ သူတို့က တော်လှန်ရေးတပ်တွေနေရာကို မလုပ်ပဲနဲ့ ပြည်သူကို ယုတ်မာကောက်ကျစ်တာတွေ လုပ်နေတယ်”လို့ ခွန်တောင်ကြီးကပြောပါတယ်။
ပြန်လည်စုဖွဲ့ပေါင်းစည်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်( PDF) ၊ မြို့ပြတော်လှန်တပ်ဦး(URF) နဲ့ ကယန်းအမျိုးသားတပ်မတော်( KNA) အပါအဝင် ဒေသတော်လှန်ရေးတပ်တွေ ခမရ (၄၂၂)ကို ဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့နဲ့ကပ်လျက် ဖယ်ခုံမြို့ကိုစစ်ရေးအရ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး မိုးဗြဲမြို့ကိုပါထိန်းချုပ်ဖို့ အပြင်းအထန်ကြိုးစားနေတာပါ။ ပိတ်မိနေတဲ့တပ်ဝန်းထဲကိုလည်း စစ်ကူဖြည့်တင်းတာတွေ ဖောက်ထိုးဖို့ လုပ်ဆောင်တာနဲ့ တပြိုင်တည်းမှာ စစ်ရေးအရ ပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာစတင်ခဲ့တဲ့ ၁၁၁၁(တစ်လေးလုံးစစ်ဆင်ရေး)အတွင်းမှာ စစ်ကောင်စီက ကရင်နီပြည် မယ်စဲ့၊ နန်းမယ်ခုံ၊ ရှားတော၊ မော်ချီးမြို့တွေကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်မြို့တွေဖြစ်တဲ့ လွိုင်ကော် ၊ဒီးမောဆို ၊ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲ နဲ့ ဖယ်ခုံမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
MK-016
#MeKongNews








