ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ တိုက်မိုင်းပေါက်ကွဲ၊ သားအဖနှစ်ဦးအနက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မဲခေါင်၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လံတောင်အုပ်စု၊ နမ့်ပွန်ကျေးရွာအနီး တောအုပ်တစ်ခုအတွင်း စစ်ကောင်စီထောင်ထားတဲ့ တိုက်မိုင်းကို ထော်လာဂျီတစ်စင်း တိုက်မိပြီး ပေါက်ကွဲလို့ ထော်လာဂျီပေါ် ပါလာတဲ့ သားအဖနှစ်ဦး ထိမှန်ခဲ့ရာ ဖခင်ဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့သတင်းအရ သိရပါတယ်။
မနေ့က(ဒီဇင်ဘာလ ၂၅) မနက် ၈ နာရီမှ ထီရီးရွာသား ဦးလှဝန်း ၄၀ နှစ် ၊ သူ့ရဲ့သားဖြစ်သူ ခွန်သန်းအောင် ၁၉ နှစ် နဲ့ သားငယ် ခွန်ရဲနောင် အသက် ၆ နှစ်တို့ ပြောင်းဖူးချိုးဖို့သွားရောက်စဉ် ရေပူ နဲ့နမ့်ပွန်ကြား ဘုရားတောင်ရွာထိန်းသိမ်း ဧရိယာသစ်တော တောင်ဘက်က နမ့်ပွန်အခြေစိုက် စစ်ကောင်စီ ကင်းနားအရောက်မှာ မိုင်းနင်းမိတာလို့ သိရပါတယ်။
မိုင်းကွဲတဲ့နေရာမှာပဲ ဦးလှဝန်း ပွဲချင်းပီးသေဆုံးကာ သားခွန်သန်းအောင်မှာ ခြေနှစ်ဖက် မိုင်းစထိမှန် မေ့မျောသွားတာကြောင့် ဒဏ်ရာမရတဲ့ ၆နှစ်အရွယ် ခွန်ရဲနောင်က ရွာပြန်ပြီး အကူအညီခေါ်ကာ ဒဏ်ရာရသူ ခွန်သန်းအောင်ကို တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ထီရီးနဲ့ နမ့်ပွန် ကျေးရွာတွေကို ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားပြီး ပြောင်းချိုးဖို့ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် စိုင်းနောင်း က အမိန့်ပေးထားတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့က ပြည်သူတွေထိခိုက်ဖို့ မိုင်းမထောင်ဘူးဗျ၊ စခန်းနား မိုင်းထောင်တတ်တာ စစ်ခွေးတွေပဲ လုပ်တတ်တာပါ” လို့ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဟာ ကင်းစခန်းအနီးဝန်းကျင်တွေမှာ မြေမြုပ်မိုင်း၊ ရှေ့ထွက်မိုင်း၊ တိုက်မိုင်းတွေ ထောင်ထားလေ့ရှိပြီး ပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရ နစ်နာမှုတွေကို ဘာမှတာဝန်မယူသလို PDF က ထောင်တဲ့မိုင်းလို့ တန်ပြန်ဝါဒဖြန့်နေတယ်လို့ ပြောပါတယ်။
ညောင်ရွှေမြို့နယ် ထီရီး၊ တောင်ပို့ကွဲ၊ ရေပူ၊ ညောင်လေးပင် ကျေးရွာတွေမှာ စစ်တပ်နဲ့ PNOပြည်သူ့စစ်တွေက တပ်စွဲနေရာယူထားပြီး ၎င်းတို့အနီးမှာ တော်လှန်ရေး PDF တွေလည်း ရှိနေကြောင်းသိရပါတယ်။
MK-012
#MekonngNews








