တကျော့ပြန် ကျောက်ဂူဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေးဦးသေ၊ သုံးဦးဒဏ်ရာရ
မဲခေါင်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အခုလ ၁၈ ရက်ကတည်းက တကျော့ပြန် စစ်ရေးတင်းမာနေတဲ့ စစ်ကောင်စီနဲ့ DPLA တို့ နှစ်ဖက်အပြန်အလှန် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က လေးဦးသေပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဂူဒေသ အခြေစိုက်ဖြစ်တဲ့အမြှောက်တပ် အမတ( ၃၄၉)အနီးမှာ DPLA နဲ့ စစ်ကောင်စီတို့ မနေ့က (ဒီဇင်ဘာ ၂၂ ) နှစ်ဖက်အပြန်အလှန် ဒရုန်းအသုံးပြု ဗုံးချတိုက်ခိုက်ရာမှာ တစ်ရက်အတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA က ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲမှာ DPLA ဘက်က ထိခိုက်မှုမရှိသေးဘူးလို့ DPLA ရဲ့ ပြန်ကြားရေးတာ၀န်ရှိသူက မဲခေါင်ကို ပြောပါတယ်။
အခုလ၊ ဒုတိယပတ်မှာ အထိနာခဲ့တဲ့ စစ်ကောင်စီဘက်ဟာ လက်ရှိမှာ စစ်ကြောင်းထိုးတာမရှိသေးပေမယ့် အင်အားဖြည့်တာတွေရှိနေတယ်လို့ DPLA ပြန်ကြားရေးတာ၀န်ရှိသူက မဲခေါင်ကို ပြောပါတယ်။
နို၀င်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကောင်စီနဲ့ DPLA အကြား ၁၀ ရက်ကြာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သလို လက်နက်မျိုးစုံ ၂၆ လက်နဲ့ ဆက်စပ်ခဲယမ်းတွေကို DPLA သိမ်းဆည်းရမိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဒီဇင်ဘာ ၁၈ ရက်ကစတင်ကာ တကျော့ပြန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
အခုလို မြေပြင်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတာအပြင် နေ့စဉ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် DPLA ဘက်က ဒရုန်းအသုံးပြု ပြန်လည်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တာပါ။
ဒီဇင်ဘာ ၁၈ ရက်၊ ညနေ ၃ နာရီမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာနေ အမျိုးသားတစ်ဦးအသက်ဆုံးရှုံးခဲ့ရကာ အဲဒီနေ့မှာပဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကျောက်ဂူရွာအ၀င်တံတား ပျက်စီးခဲ့ပါတယ်။
ပျက်စီးသွားတဲ့တံတားဟာ ရှမ်းပြည်တောင်ပိုင်းကနေ ရှမ်းပြည်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ရပ်စောက်-ဗထူး- အင်တော-ကျောက်ဂူ-နောင်ချို-နမ့်လန်-လားရှိုး-ကျောက်မဲ လမ်းပေါ်မှာတည်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကောင်စီက ရပ်စောင့်-ကျောက်ဂူ လမ်းအသုံးပြုပြီး စစ်ကူးသွားရောက်စဉ် DPLA ရဲ့ ကြားဖြတ်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ DPLA က ပြောပါတယ်။
CJ-017
#MekongNews








