စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည် နဲ့ ကရင်နီမှာ ခြောက်လအတွင်း အရပ်သား ၇၃ ဦးသေဆုံး
မဲခေါင်၊ ဒီဇင်ဘာ ၂၃
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်ထိ ခြောက်လအတွင်း ရှမ်းပြည်နဲ့ ကရင်နီပြည်မှာ အရပ်သား ၇၃ ဦးသေဆုံးခဲ့ရာမှာ ရှမ်းပြည်က အများဆုံးဖြစ်ကြောင်း AAPP နဲ့ PKPFထံက သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်အတွင်း အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၃၁ ဦး၊ စုစုပေါင်း ၅၆ ဦးသေဆုံးကာ ကရင်နီပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးတဲ့အခြေအနေကို နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က အတည်မပြုနိုင်သေးဘူးလို့ မဲခေါင်ကိုပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူအင်အားစု(Progrssive Karenni People Force- PKPF)က ရရှိတဲ့အချက်အလက်အရ ကရင်နီပြည်မှာ အဲ့ဒီကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး၊ စစ်ရှောင် ၁၂ဦး၊ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ မကြာခဏဆိုသလို လေယာဉ်နဲ့ ဗုံးကျဲတာတွေကြောင့် ဒေသခံအရပ်သားနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတယ်လို့ ရှမ်းပြည်နယ်နေထိုင်သူတွေထံက သိရပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲလို့ စပြေးရကတည်းက အခုချိန်ထိရွာမပြန်ရပါဘူး၊ နေလို့လည်းမရတော့ဘူး၊ အိမ်လည်းပြာဖြစ်သွားပြီ၊ အဲဒီခံစားချက်ကိုပြန်ပြောရင် ရင်ကွဲမတက်ပဲ၊ ပြန်တွေးတိုင်း လေးပေတောင်မပြည့်တဲ့ အာဏာရူးကိုပြေးမြင် စိတ်တိုမိတာတော့အမှန်ပဲ” လို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
AAPP ရဲ့ အတည်ပြုချက်အရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်အထိ ခြောက်လအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၃၆ ဦးနဲ့ အမျိုးသား ၁၅၁ ဦး စုစုပေါင်း ၂၈၇ ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီး အဲဒီအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၇ ဦးအထိပါ၀င်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီအပြင် တရုတ်နိုင်ငံကဖောက်လုပ်ဖို့ စီစဉ်နေတဲ့ မူဆယ်-မန္တလေး မီးရထားလမ်း ကြောင်းတလျှောက်ကို စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုကြောင့် အခုနှစ် အောက်တိုဘာ ၉ ရက်ကနေ ဒီဇင် ဘာ ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ် ၉ ခုနဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တို့မှာ အရပ်သား ၆၈ ဦး သေဆုံးခဲ့ပြီး ၁၃၆ ဦးအထိ ဒဏ်ရာရခဲ့တယ်လို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြီခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
CJ-017
#MekongNews








