ကျောက်ဂူတိုက်ပွဲ ပြန်စ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
မဲခေါင်၊ ဒီဇင်ဘာ ၁၉
၈ ရက်ကြာ တိုက်ခိုက်မှုရပ်တန့်နေတဲ့ ကျောက်ဂူဒေသတိုက်ပွဲ မနေ့က(ဒီဇင်ဘာ ၁၈) ပြန်လည်ဖြစ်ပွါးနေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အထိနာထားတဲ့ စစ်ကောင်စီနဲ့ DPLA တို့ရဲ့ တကျော့ပြန်ပစ်ခတ်တိုက်ခိုက်မှုကို မနေ့ကနံနက်ပိုင်း အမတ(၃၄၉)အနီးမှာ စတင်ဖြစ်ပွါးနေတယ်လို့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော် (DPLA) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် ညနေ ၃ နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ထမင်းပေါင်းကျေးရွာမှ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ DPLA ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“အကျအဆုံးကတော့ တိုက်ပွဲအခြေအနေကြောင့် သိရတာမျိုးမရှိသေးပါဘူးဗျ၊ တိုက်ပွဲအခြေအနေ ဆက်လက်ဖြစ်ပွားနေတာမို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာမှာ မနေကြဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ဂရုပြုကြဖို့ ပြောလိုပါတယ်”လို့ DPLA ပြန်ကြားရေးတာ၀န်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်မတိုင်ခင်ဖြစ်ပွါးတဲ့ ၁၀ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးတဲ့အထိ အထိနာခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာ၁၇ ရက်အထိ ရင်ဆိုင်တိုက်ပွဲမရှိခဲ့ပါ။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးချတာတွေကို ဆက်တိုက်ပြုလုပ်နေကြောင်းကို ဒီဇင်ဘာ ၁၂ ရက်မှာမဲခေါင်က သတင်းဖေါ်ပြခဲ့ပါတယ်။
စစ်ကောင်စီက ကျောက်ဂူဒေသကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေအပြင် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာကြောင့် ဒီဇင်ဘာ ၁၀ ရက်မှာ ကျောက်မီးခတ်ကျေးရွာဘုန်းကြီးကျောင်းပေါ်ဗုံးသီးကျရောက်ပေါက်ကွဲကာ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အအထိ စစ်ကောင်စီနဲ့ DPLA အကြား ၁၀ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ အဲ့ဒိတိုက်ပွဲမှာ စစ်ကောင်စီက ၅၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သလို လက်နက်မျိုးစုံ ၂၆ လက်နဲ့ ဆက်စပ်ခဲယမ်း တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော် (DPLA)က ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲကို စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူလမ်း အသုံးပြုကာ စစ်ကူသွားရောက်စဉ် DPLA ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက ၅၀ ကျော်သေဆုံးတဲ့အထိ အထိနာခဲ့တာပါ။
CJ-017
#MekongNews








