ဖားဆောင်းမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို လေထီးနဲ့သာ ရိက္ခာပို့နေ
မဲခေါင်၊ ဒီဇင်ဘာ ၆
ကရင်နီပြည်က ဖားဆောင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ စခန်း နှစ်ခုကို စစ်ကောင်စီက လေထီးနဲ့ ရိက္ခာပေးပို့တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်ညမှာလည်း ခလရ (၁၃၄) နဲ့( ၁၃၅ )စခန်းတွေအတွက် လေကြောင်းကနေတဆင့် လေထီးနဲ့ ရိက္ခာခြောက်၊ လက်နက် ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းတွေကို ချပေးလေ့ရှိတယ်လို့ သိရပါတယ်။
“မိုးချုပ်မှလာချတယ်၊ သူတို့မရသေးဘူး၊ ဒီတခေါက်တော့ ညမို့လားမသိဘူး ဘာမှ မလုပ်ဘူး၊ နေ့ဆိုရင်တော့ ဗုံးကြဲတယ်၊ အရင်ခေါက်တွေက ဗုံးကြဲတယ်”လို့ KAက ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
လေကြောင်းကနေ ရိက္ခာပေးပို့တာတွေကို တစ်လတစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ပြုလုပ်လေ့ရှိပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှု တစ်ခါတရံရှိတယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
စစ်ကောင်စီတပ်က နေ့ဘက်တွေမှာ ရိက္ခာလာပို့ခါနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ ပြည်သူတစ်ဦး ဗုံးစထိမှန်ခဲ့ပြီးနောက် နေအိမ်ပြန်ကြည့်တာတွေ မပြုလုပ်ကြသေးဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။
CJ-004
#MekongNews








