စစ်ကောင်စီကြဲတဲ့ဗုံး စစ်ရှောင်အိမ်ပေါ်ကျ၊ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
မဲခေါင်၊ ဒီဇင်ဘာ ၅
မနေ့က(ဒီဇင်ဘာ ၄) ညနေ ၃ နာရီခန့်က ကရင်နီပြည်၊ မိုးဗြဲမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးချခဲ့လို့ အိမ်ပေါ်ကျပြီး အိမ်ထောင်ဦးစီးသေဆုံးကာ မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ဖခင်ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ပြီး သေဆုံးသူရဲ့ ဇနီးနဲ့သမီးဖြစ်သူနှစ်ဦး၊ စုစုပေါင်းသုံးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ လူနာတွေကို ပြုစုကုသပေးခဲ့တဲ့ Mobye Rescue Team(MRT) ဆေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အငယ်ဆုံးသားလေးတော့ ဘာမှဖြစ်မသွားဘူး၊ တိုက်ပွဲဖြစ်တာမရှိဘဲ အပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့သက်သက်လုပ်တာ” လို့ MRT တပ်ဖွဲ့ဝင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ကရင်နီပြည်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၇၄၆ ကြိမ်ပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူအပါအဝင်ပြည်သူ ၇၀၀ ကျော်သေဆုံးကာ နေအိမ်ပေါင်း ၂၇၀၀ ကျော်၊ စာသင်ကျောင်း ၂၆ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၊ ဘာသာရေးအဆောက်အအုံ ၅၄ကျောင်းပျက်စီးခဲ့ရပြီး ပြည်သူ ၁၆၀ ဖမ်းဆီးခံထားရတယ်လို့ တိုးတက်သောကရင်နီပြည်အင်အားစု PKPF က ဒီဇင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
MK-012
#MekongNews








