တပ်ရင်းတည်ထောင်တာ သုံးနှစ်ပြည့်တဲ့ SSRY ကတိုင်းပြည်လွတ်မြောက်တဲ့အထိ ကြိုးစားမယ်
မဲခေါင်၊ ဒီဇင်ဘာ ၄
တပ်ရင်းတည်ထောင်တာသုံးနှစ်ပြည့်ပြီဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းအခြေစိုက် အမှတ်( ၁၀၀၈) တပ်ရင်း Southern Shan Revolution Youth -SSRY ကတိုင်းပြည်လွတ်မြောက်တဲ့အထိ ကြိုးစားသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက သုံးနှစ်ပြည့်အခမ်းအနားမှာ ပြောပါတယ်။
SSRYရဲ့ တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီးတပ်ရင်းတည်ထောင်ခဲ့တဲ့ SSRYဟာ သုံးနှစ်ပြည့်အခမ်းအနားကို ဒီကနေ့(ဒီဇင်ဘာ ၄)ပြုလုပ်ခဲ့တာပါ။ ခုလက်ရှိမှာတပ်ခွဲ ၁၊ ၂၊ ၃ အထိ ရဲဘော်သစ်တွေနဲ့အတူအမိမြေအတွက် တော်လှန်ရေးလုပ်ငန်းစဉ်တွေကို တိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“တပ်ရင်း တပ်ခွဲတွေအတွက် လူအင်အား၊ လက်နက်အင်အားတွေစုပြီး အိမ်ပြန်နိုင်ဖို့အတွက် အများကြီးကြိုးစားမယ်၊လက်လုပ်သေနတ်တွေနဲ့ စခဲ့ပေမယ့် အခုချိန်မောင်းပြန်တွေနဲ့ တိုက်ပွဲတွေမှာ ပါဝင်ဆောင်ရွက်နိုင်နေပြီ၊ ရှမ်းပြည်တောင်ပိုင်းအတွက်အဆုံးထိ ပါဝင်ဆောင်ရွက်သွားပြီး တိုင်းပြည်လွတ်မြောက်တဲ့အထိ ဆက်လက်ကြိုးစားပါမယ်”လို့တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
တပ်ရင်း သုံးနှစ်ပြည့်အနေနဲ့ သစ္စာအဓိဌာန်ရွတ်ဆိုအလေးပြုတာတွေ၊ သက်ဆိုင်ရာခေါင်းဆောင်တွေက မိန့်ခွန်းပြောတာ၊ မဟာမိတ်တပ်တွေကအားပေးစကားပြောတာ၊ ဒဏ်ရာရရဲဘော်တွေအတွက် ဂုဏ်ပြုဆုချီးမြှင့်တာတွေပါဝင်တယ်လို့ သိရပါတယ်။
သုံးနှစ်တာ ကာလအတွင်း အမှတ် ၁၀၀၈ တပ်ရင်းကနေ ရဲဘော် ခုနှစ်ဦးကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအနည်းငယ်ရှိကာ အခက်အခဲတွေကြားကနေ တော်လှန်ရေးအတွက် ပါဝင်ကာ ရဲဘော်သစ်တွေကိုလည်း ဆက်လက်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
အမှတ် ၁၀၀၈ တပ်ရင်းက ခုလက်ရှိမှာ ကရင်နီ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
CJ-004
#MekongNews









