UWSA ‘ဝ’ တောင်ပိုင်း စစ်ဒေသ ၁၇၁ မှာ ပထမအသုတ် စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်ပွဲကျင်းပ
မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းအရှေ့ မိုင်းတုံ၊ မိုင်းဆတ် က “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ တောင်ပိုင်း ၁၇၁ စစ်ဒေသမှာ ပထမအသုတ် စစ်မှုထမ်းသင်တန်းကျောင်းဖွင့်ပွဲကို နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းကို မိုင်းဆတ်မြို့နယ် ဟိုပန်၊ ဟိုရွက်ဒေသမှာ ပြုလုပ်ခဲ့ပြီး သင်တန်းသားအင်အား တစ်ထောင်ကျော်နဲ့ ပထမအသုတ် ဖွင့်ပွဲလုပ်ခဲ့တာလို့ သိရပါတယ်။ ‘ဝ’ဒေသ သတင်းဌာနတစ်ခုဖြစ်တဲ့ Wa News Land ကလည်း အဆိုပါ သင်တန်းဖွင့်ပွဲသတင်းကို ရုပ်သံနဲ့ဖော်ပြထားပါတယ်။
အဆိုပါ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ‘ဝ’ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက “ ဒို့ဝပြည်အတွင်းမှာ ရပ်ရွာပြည်သူ့စစ်အနေနဲ့ အလှည့်ကျကောက်နေကျပါ” လို့ ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က”ဝ” ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်မှုထမ်းဖို့ တပ်သားအင်အား လေးထောင်ကောက်ခံသွားမှာ ဖြစ်ကြောင်း၊ “ဝ” ပြည်၊ တောင်ပိုင်း ၁၇၁ ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံတွေဆီ အလုပ်သွားရောက် လုပ်ကိုင်ကြတဲ့ “ဝ” အမျိုးသားတွေ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းကြဖို့ စစ်မှုထမ်းခေါ်စာအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
“ဝ” ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်တည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။
‘ဝ’ပြည် တောင်ပိုင်း စစ်ဒေသ ၁၇၁ ရဲ့ ဌာနချုပ်ဟာ မိုင်းတုံမြို့နယ် ဟွေအောမှာ ရှိနေပြီး ၁၇၁ စစ်ဒေသတွင် တပ်မဟာ ၅ ခု ဖွဲ့စည်းထားကြောင်း သိရပါတယ်။
အမှတ် ၁ စစ်နယ်မြေ၊ တပ်မဟာ ၇၇၂ (မိုင်းကျွတ်)၊ တပ်မဟာ ၇၇၈ (ခိုင်းလုံ) အမှတ် ၂ စစ်နယ်မြေ၊ တပ်မဟာ ၇၇၅(ဟွေအော)၊ တပ်မဟာ ၂၄၈(ဝမ်ဟုန်၊ ဟိုပန်ဟိုရွက်)နဲ့ အမှတ် ၃ စစ်နယ်မြေ၊ တပ်မဟာ ၅၁၈(မိုင်းယွန်း)တို့ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
MK-012
#MeKongNews









