စစ်ကောင်စီက လွိုင်ကော်အနီးတဝိုက်ကို ကင်းထောက်ဒရုန်းတွေနဲ့ စောင့်ကြည့်နေ
မဲခေါင်၊ နိုဝင်ဘာ ၂၆
ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးအနားတဝိုက်ကို ညဖက်တွေမှာ ဒရုန်းတွေနဲ့ ကင်းထောက်စောင့်ကြည့်တာတွေကို စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ ကရင်နီဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ရဲ့နေရာအများစုကို စစ်ကောင်စီတပ်က ပြန်လည်နေရာယူထားပြီးတဲ့နောက် လွန်ခဲ့တဲ့တစ်လလောက်ကစပြီး ညတိုင်းကင်းထောက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
” နန်းမယ်ခုံမှာဆို ဒရုန်းက နှစ်စင်းလား သုံးစင်းလား ကင်းထောက်တယ်၊ လွိုင်ကော် အရှေ့ခြမ်း အနောက်ခြမ်းတွေကိုလည်း အကုန်ထောက်တဲ့အနေအထားမှာ ရှိနေတယ် “လို့ နန်းမယ်ခုံဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီက ကင်းထောက်ဒရုန်းတွေနဲ့ ညပိုင်းတွေမှာ စောင့်ကြည့်တာတွေ အပြင် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာလည်း ဒရုန်းတွေကို ဦးစားပေး အသုံးပြုလာတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
“ဒရုန်းတွေဝဲနေတော့ စိတ်ထဲမှာ မလုံခြုံဘူးလို့ ခံစားရတာပေါ့နော်၊ သူတို့ကပစ်မှတ်ကို ရှာနေတဲ့သဘောမျိုးဆိုတော့ မီးတောင်မထွန်းရဲဘူး”လို့ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
ခုလက်ရှိမှာ လွိုင်ကော်မြို့အနီးတဝိုက်က မိုးဗြဲအနီးနားနဲ့ နန်းမယ်ခုံစတဲ့နေရာတွေကို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်တာကြောင့်ဒေသခံတချို့ ရွေ့ပြောင်းတာတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေဆီက သိရပါတယ်။
CJ-004
#MekongNews








