ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၄ဦးသေ၊
သေနတ်သုံးလက်နဲ့ စကားပြောစက်တစ်လုံး ပအိုဝ်းတော်လှန်ရေးတပ် ရရှိ
မဲခေါင်၊ နိုဝင်ဘာ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၄ဦးသေဆုံးပြီး PNLAက သေနတ်သုံးလက်နဲ့ စကားပြောစက်တစ်လုံး သိမ်းဆည်းရရှိတယ်လို့ PNLA ပြောခွင့်ရသူက မဲခေါင်ကို ပြောပါတယ်။
နိုဝင်ဘာ ၂၀ရက်က စစ်ကောင်စီအပါအဝင် သူ့ရဲ့လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLO တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံ ကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က အင်အားတွေ အများအပြား ဖြည့်တင်းထားပြီးလက်နက်ကြီးနဲ့ ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပစ်ခတ်နေသလို PNLA တပ်ဘက်ကိုလည်း လက်နက်ကြီးနဲ့ ၁၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အခြားမြေပြင်သတင်းအရ မောက်မယ်မြို့နယ် ၊ ဟိုနမ်းစံပြကျေးရွာအုပ်စု နမ်းယင်ရွာအထိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် စစ်ကြောင်းဟာ ဖိုးဝှီးကား ၁၅စီးလူအပြည့်နဲ့ စစ်ကြောင်းထိုးလာပြီး ရွာခံသုံးဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
MK – 012
#MeKongNews








