မိုင်းရယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်၊ ဒေသခံတချို့ တိမ်းရှောင်
မဲခေါင်၊ နိုဝင်ဘာ ၂၂
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီက စစ်အင်အားထပ်မံဖြည့်တင်းနေတာကြောင့် မိုင်းရယ်နဲ့ လားရှိုးဒေသခံတွေက စိုးရိမ်စိတ်နဲ့ တိမ်းရှောင်တာတွေ လုပ်ဆောင်နေပါပြီ။
လားရှိုးမြို့နဲ့ လားရှိုးမြို့ အခြေစိုက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ခဲ့ရပြီးနောက် မိုင်းရယ်မှာ တိုင်းစစ်ဌာနချုပ်သဘော ပြန်လည်ဖွဲ့စည်းတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကယူဆကြပါတယ်၊ လတ်တလောအနေနဲ့ မြို့တွင်းနဲ့ မြို့ပြင်တပ်စခန်းတွေမှာ လူအင်အားတိုးလာတာကို မြင်တွေ့ရသလို မြို့ကိုအဝင်ပေါက်ပိတ်ထားပြီး အထွက်ပေါက်သာဖွင့်ထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုလို အင်အားဖြည့်တင်းနေတာဟာ လားရှိုးကို ပြန်လည်တိုက်ခိုက်မယ့်အစီအမံလို့ ယူဆနေတဲ့ မိုင်းရယ်နဲ့ လားရှိုးဒေသခံတွေက တိုက်ပွဲထပ်မံဖြစ်ပွားမှာ စိုးရိမ်နေကြပြီး ဒေသခံတစ်ချို့က ကြိုတင် တိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။
“ တိုက်ပွဲတော့ ထပ်ဖြစ် မဖြစ်ကျွန်တော်တို့လည်း မသိရဘူး၊ မိုင်းရယ်မှာအင်အားဖြည့်တယ်ဆိုတာ ကျွန်တော်တို့လဲ တိုက်ပွဲဖြစ်မှာကြောက်ကြတယ်၊ တစ်ချို့က တခြားမြို့နယ်တွေမှာ တိမ်းရှောင်ကြတယ် ၊ကျန်တဲ့သူတွေလည်းရှိတယ်၊ ကျန်တဲ့သူတွေလည်း ထပ်ပြီးမရှောင်နိုင်တော့ဘူး ကုန်ကျစရိတ်တွေအရမ်းများတယ်လေ “ လို့ဒေသခံတစ်ဦးကပြောပါတယ်။
ကိုးကန့် (MNDAA ) တပ်ကတော့ လားရှိုးမှ ပြန်လည်ဆုတ်ခွာသွားဖို့ မရှိပဲ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရင်တော့ ပြန်လည် ခုခံဖြစ်သွားမယ်လို့မီဒီယာတွေကိုပြောထားပါတယ်။
လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က (ရခမ) တိုင်းမှူးအသစ်ခန့်အပ်ပေးပြီး လက်ရှိရှမ်းမြောက်မှာ (ရခမ) လက်အောက်ခံတပ်တွေဟာ မူဆယ် ၊ မိုင်းရယ်၊ နမ့်လန်နဲ့ နောင်ချိုမြို့မှာလည်း အမြှောက်တပ်ရင်းတွေ အနည်းငယ်သာကျန်ရှိနေပါတယ်။
MK 11
#MekongNews








