တောင်ကြီးမှာ စစ်သင်တန်းအတွက် ငွေကောက်
မဲခေါင်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်မှုထမ်းသင်တန်းအတွက် တစ်အိမ်ကျပ် ၅၀၀၀၀(ငါးသောင်းကျပ်) ကောက်ခံနေပြီး မထည့်ပါက ရပ်ရွာသာရေးနာရေးဖိတ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အခု နိုဝင်ဘာလ၊ တတိယအပါတ်အတွင်း ရပ်ကွက်သူ/သားတွေက စစ်သင်တန်းအတွက် အိမ်ရှင်ကို ကျပ်ငါးသောင်း ၊အိမ်ငှားကို ကျပ်နှစ်သောင်း ကောက်ခံမှာဖြစ်ကြောင်းရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့က ပြည်သူကို ခေါ်ယူပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“အဲဒီပိုက်ဆံတွေကို စစ်မှုထမ်းမဲပေါက်တဲ့သူအတွက် စရိတ်ထုတ်ပေးတယ်၊ သင်တန်းတက်မယ့်သူတွေ အတွက် စရိတ်၊ ကျန်တဲ့မိသားစုဝင်တွေကို လစဉ်ထောက်ပံ့ပေးပြီး ကျန်တာကအုပ်ကြီးတွေ ခွဲယူကြတာပါ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
ညောင်ဖြူစခန်းရပ်ကွက်၊ ရားဖြူရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်တွေမှာ ဇွန်လကတစ်ကြိမ်ကောက်ခံပြီးဖြစ်ပေမယ့် မနေ့က ထပ်မံ ကောက်ခံနေတယ်လို့ သိရပါတယ်။
“ အဲဒီတုန်းကတုန်းက ၂နှစ်စာအတွက်လို့ ပြောပြီးကောက်တာ၊ အခုက ဒုတိယအကြိမ်ထပ်ကောက်နေတာ၊ မထည့်လို့ရပါတယ်တဲ့၊ ဒါပေမယ့် ရပ်ရွာသာရေးနာရေးဖိတ်မှာမဟုတ်သလို အိမ်မှာတခုခုလိုအပ်တဲ့အခါ ဥပမာထောက်ခံစာ ဧည့်စာရင်းတိုင်တာတွေ လိုအပ်လာရင် လုပ်မပေးပါဘူးတဲ့၊ ဧည့်စာရင်းလာစစ်ရင် ကိုယ်ဘာသာရှင်းလို့ ပြောတယ်” လို့ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီ့အပြင် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းမဲနှိုက်ရမယ့် စာရင်းမှာ မပါလိုကြတဲ့ ငွေကြေးတတ်နိုင်သူတွေကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေကြေးရယူပြီး ကင်းလွတ်ခွင့် ပြုထားတာကြောင့် မဲနှိုက်ရာမှာ ငွေကြေးမတတ်နိုင်သူတွေကို ရွေးချယ်မဲနှိုက်ကာ စစ်သင်တန်းအပါတ်စဉ်တွေ ပို့လွှတ်နေတယ်လို့ သိရပါတယ်။
အခုနိုဝင်ဘာလ ပထမပါတ်အတွင်းကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်နဲ့ ကံသာရပ်ကွက်က စစ်မှုထမ်း မဲပေါက်ထားသူ နှစ်ဦးဟာ အခြေခံစစ်သင်တန်းတက်ရောက်နေစဉ် ထွက်ပြေးလွတ်မြောက်သွား တာကြောင့် လက်ရှိအချိန်ထိ ရှာဖွေစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Google
CJ_003









