ရှမ်းမြောက်ကို စားနပ်ရိက္ခာ သယ်ယူခွင့် စစ်ကောင်စီ တားဆီးပိတ်ပင်
မဲခေါင်၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ဘက်ကနေ ရှမ်းပြည်မြောက်ပိုင်းဘက်ကို ဆန်အပါအဝင် စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်က သယ်ခွင့်မပြုဘူးလို့ မိုင်းကိုင်မြို့ရှိ ကားသမားတစ်ဦးကပြောပါတယ်။
နိုဝင်ဘာ ၁၅ရက်ကနေ မိုင်းကိုင်မြို့နယ်အထွက်က လွယ်မော်ကျေးရွာရှိ စစ်ကောင်စီဂိတ်တွေမှာ စစ်ကောင်စီက စတင်စစ်ဆေး ကြပ်မတ်နေတာဖြစ်ပြီး နိုဝင်ဘာ ၁၇ရက်မှစတင်ကာ မည်သည့်ကုန်ပစ္စည်းကိုမှ သယ်ယူပို့ဆောင်ခွင့်မရတော့ဘူးလို့ ကားသမားတွေကပြောပါတယ်။
“ တောင်ကြီးကနေ သယ်လာတဲ့ကုန်ပစ္စည်းတစ်ချို့ဆိုရင် မိုင်းကိုင်မှာပဲ ပြန်သွင်းရတယ် ၊တချို့က ပြန်သယ်သွားတာရှိတယ်၊ ပြီးခဲ့တဲ့ရက်တွေက သယ်ခွင့်ပြုသေးတယ်၊ အဓိက ဆန်တွေမပေးသယ်ဘူး ၊မနေ့ကဆို ဘာပစ္စည်းတွေကိုမှ သယ်ခွင့်မပြုသလို့ ကားသမားတွေရော ခရီးသည်တွေရော ရှမ်းမြောက်ဘက်တွေကို သွားခွင့်ပါ ပိတ်ထားတယ်” လို့ ပြောပါတယ်။
ရှမ်းမြောက်ဘက်ကို ဝင်လမ်းဖြစ်တဲ့ မိုင်းရယ်၊ နမ့်လန်ဘက်တွေကိုစစ်ကောင်စီကကုန်တင်ကားတွေကို ဖြတ်သန်းခွင့် မပေးတော့ပဲ ရှမ်းမြောက်ကနေ ရှမ်းတောင်သို့ပြန်ဝင်လမ်းကိုတော့ ဖြတ်သန်းခွင့်ပြုတယ်လို့ ကုန်စည်ပို့ဆောင်ရေးယာဉ်မောင်းက ပြောပါတယ်။
မိုင်းကိုင်မြို့ အဝင်ရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တောင်ကြီးကနေလာတဲ့ ကုန်ကား၁၀ စီးထက်မနည်း တန်းစီထားခံရပြီး တစ်ချို့ကုန်တင်ကားတွေဟာ တောင်ကြီးဘက် လှည့်ပြန်ခဲ့ပြီး မိုင်းကိုင်မြို့ရှိ ဆန်တွေလည်း ရောင်းမရဘူးလို့ မိုင်းကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ တော်တော်များများက မိုင်းကိုင်ကထွက်တဲ့ဆန်တွေကို ရှမ်းမြောက်တင်သွင်းတယ် အခုတော့သွင်းလို့မရတော့ဘူး၊ ဂိတ်တွေက ဘာကြောင့်ပိတ်တယ်ဆိုတော့ ကျနော်တို့လဲ တိတိကျကျမသိရဘူး၊ ဘယ်အချိန်ထိပိတ်သွားမယ်ဆိုတော့လည်း မသိရဘူး၊ မြို့ထဲကနေ တောင်ပေါ်ပြန်ရင်တောင် စစ်တပ်ကအရမ်းစစ်တာ၊ ဘာတွေသယ်နေတာလဲ ၊ဆန်တွေကိုလည်းအများမပေးသယ်ဘူး “ လို့ပြောပါတယ်။
မိုင်းကိုင်မြို့နယ်က တောင်ပေါ်ကျေးရွာ ဒေသခံတွေဟာ မြို့ပေါ်ကို စားနပ်ရိက္ခာတွေကို လာရောက်ဝယ်ယူပြီး တောင်ပေါ်သို့ပြန်နေစဉ်မှာ စစ်ကောင်စီတပ်ရိက္ခာပစ္စည်းတွေကို စစ်ဆေးတင်းကြပ်နေတယ်လို့ ၎င်းကပြောပါတယ်။
ရှမ်းမြောက်မြို့နယ်တွေကို တအာင်းတပ်နဲ့ ကိုးကန့်တပ်တို့က ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်လွတ်ခံရတာကြောင့် ရှမ်းမြောက်သို့ ကုန်စည်တင်သွင်းပစ္စည်းတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ရှမ်းမြောက်ဒေသတွေမှာလည်း ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်သွားတယ်လို့ သိရပါတယ်။
MK 11
#MekongNews
#ရှမ်းမြောက်သို့
#စားနပ်ရိက္ခာဖြတ်တောက်
#မိုင်းကိုင်မြို့မှာပိတ်ဆို့
#၁၇ရက်မှာစတင်ပိတ်








