ကူးဆိပ်တံတား လုံခြုံရေးစခန်း KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်
မဲခေါင်၊ နိုဝင်ဘာ ၁၂
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ကူးဆိပ်တံတား လုံခြုံရေးစခန်းကို KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာ ၉ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့ KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
KNLA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာ ၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၉ ရက်မှာ အလုံးစုံ သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ မူတြော်ခရိုင် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းကာကွယ်ရေး ဂျမ်မာတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က သိမ်းမိခဲ့တဲ့ လက်နက်များတွင် မောင်းပြန်ရိုင်ဖယ် (၃) လက်၊ ကျည်ဖူး (၂၇) လုံး၊ ၆၀ မမကျည်ဖူး (၂၂) လုံး၊ ဒရုန်းဖျက်ဂျမ်မာ (၃) ခုနဲ့ မောင်းပြန်ရိုင်ဖယ်ကျည်တောင့် (၂၀၀၀) ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းဟာ KNU/KNLA တပ်မဟာ (၅) နယ်မြေထဲမှာ တပ်စွဲထားတာ နှစ်ပေါင်း ၇၀ ခန့်ရှိပါပြီ။ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကလည်း ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ထွက်ပြေးသွားတဲ့ ဗိုလ်ကြီး သုံးဦးအပါ စစ်ကောင်စီတပ်သား ၁၇ ဦးကို နိုဝင်ဘာ ၃ ရက်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။
#MeKongNews








