မဲခေါင်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ထဲကို မနေ့က(နိုဝင်ဘာ ၁၀ရက်)က စစ်ကောင်စီစစ်ကား အစီး ၅၀ နဲ့ လူအင်အား ရိက္ခာအင်အားတွေဖြည့်တင်းနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
ပင်လောင်းကနေ ဖယ်ခုံလမ်း တလျှောက်ကို ဆင်းလာပြီး ဖယ်ခုံကနေတဆင့် မိုးဗြဲတဝိုက်ကို စစ်ကြောင်းတွေ ထပ်ဖြန့်ဖို့အတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ပင်လောင်းဖယ်ခုံလမ်းအတိုင်းပါ၊ တိုက်ပွဲကတော့ ရှိတာပါဘဲ၊ ၁၁၁၁ နှစ်ပတ်လည်နေ့မို့ ဒရုန်းနဲ့ ညကတည်းက ကင်းထောက်ပြီး လွိုင်ကော်အနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်၊ ဖယ်ခုံ ၊ မိုးဗြဲ လွိုင်ကော်မြို့တဝိုက် ကင်းထောက်တွေဝဲနေတယ် “လို့ မြေပြင် သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO တွေ စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာလည်း ပြည်သူတွေကို သတ်ဖြတ်ခဲ့တာတွေရှိနေတယ်လို့ သိရပေမယ့် အရေအတွက် တိတိကျကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“အဓိကက ဖယ်ခုံ၊ မိုးဗြဲ ၊ဒီးမော့ဆိုလမ်းကို သူတို့ပြန်ယူချင်တာပေါ့၊ လမ်းကြောင်းတကြောင်းလုံးကို စိုးမိုးထားချင်တဲ့သဘောပေါ့၊ လမ်းကြောင်းတွေယူပြီး နယ်မြေရှင်းလင်းရေးလုပ်မှာ”လို့ မြေပြင်သတင်းရင်းမြစ် နောက်တဦးက ပြောပါတယ်။
ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်၊ PNO တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ နှစ်လနီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖယ်ခုံ ၊မိုးဗြဲ ၊လွိုင်ကော် စတဲ့နေရာတွေမှာ နယ်မြေစိုးမိုးမှုရဖို့အတွက် ကြိုးစားနေကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေ၊ နှစ်ဖက်အထိအခိုက် ကျဆုံးတာတွေရှိပေမယ့် အတိအကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်မှာလည်း ဖယ်ခုံအရှေ့ဘက်ခြမ်းက ကာလရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါတ်ပုံ။ Facebook(ပုံဟောင်း)
CJ-004








