မဲခေါင်၊ နိုဝင်ဘာ ၆
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ မနေ့ နိုဝင်ဘာလ ၅ရက်က လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲလို့ ကလေး၂ဦးနဲ့ အိမ်တွေ ထိမှန်ပျက်စီးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ နိုဝင်ဘာ၅ရက် နေ့လည် ၂ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာဖြစ်ပြီး နှစ်လုံးအနက် တစ်လုံးက နမ့်လန်မြောက်ဘက်၊ ပန်ဟိုင်းရပ်ကွက်က လုံးစိုင်းအိမ်ရှေ့ဘက် ကျရောက်ပေါက်ကွဲကာ နောက်တစ်လုံးမှာ နောင်ကော်ကန်ဘက်က ဝမ်လုံရွာမှာ ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နောင်ကော်ကန်ဘက် ပေါက်ကွဲမှုကြောင့် အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက်နှစ်နှစ်အရွယ် ယောကျ်ားလေးတစ်ဦးတို့ ထိမှန်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ဟာ ကိုးကန့်တပ် – MNDAA က ပစ်တဲ့ လက်နက်ကြီးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက်က နမ့်လန်မြို့၊ ကမ်မွန်ရွာ၊ လွယ်ဆိုင်းဒေသမှာ စစ်ကောင်စီနဲ့ MNDAAတို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ် SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ သီပေါကနေ ၃၉မိုင်ဝေးတဲ့ နမ့်လန်မှာ စစ်ကောင်စီတပ် ခလရ ၁၄၃၊ ခမရ ၅၀၅၊ ၅၀၆ တို့ ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာမှုရှိနေတယ်လို့ စစ်ရေးအကဲခတ်သူတွေထံက သိရပါတယ်။
MK – 012















