မဲခေါင်၊ နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ဖာပွန်ဒေသ၊ ခေါပုတ်စခန်းမှ စခန်း စွန့်ခွါထွက်ပြေးတဲ့ စစ်ကောင်စီတပ်ကို BPLA၊ KNLA၊ PDFနဲ့FFD တို့ ပူးပေါင်းတဲ့ မဟာမိတ်တပ်တွေ လိုက်ရှင်းလင်းခဲ့ရာ အရှင်တစ်ဒါဇင်ကျော်နဲ့ အလောင်း တစ်ဒါဇင်ကျော်ရရှိကြောင်း BPLAကထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်မှ အရာရှိသုံးဦးအပါအဝင် ၁၇ဦး အရှင်မိကာ အသေ၁၄ လောင်းရရှိတာဖြစ်ပါတယ်။
မနေ့ (နိုဝင်ဘာ၃ရက်)က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နဲ့Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ BPLA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ BPLA ကပြောပါတယ်။
၂၀၂၁ခုနှစ်က KNLA တပ်မဟာ (၅) နယ်မြေ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ BPLA ဟာ ရှမ်းမြောက်နဲ့ရှမ်းတောင် ဆီဆိုင်နယ်မြေတွေမှာ တိုက်ပွဲဝင်ခဲ့သလို အခု ကရင်ပြည်နယ်မှာလည်း တိုက်ပွဲဝင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းဒေသကို စစ်ရေး အတွေ့အကြုံ ပြည့်ဝလာပြီ ဖြစ်တဲ့ တပ်တွေ စတင်စေလွှတ်နေပြီ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပုံစာ။ ။သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ
MK – 012









