မဲခေါင်၊ အောက်တိုဘာ ၃၁
ကယန်းအမျိုးသားတပ်မတော် (Kayen National Army) ကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူ က ပြောပါတယ်။
KNA ကို တပ်ရင်း ၈ ရင်းနဲ့ဖွဲ့စည်းထားပြီး လွိုင်ကော်၊ ဒီမော့ဆို မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ တခြားကယန်းဒေသတွေမှာ ပြန့်ကျဲနေတဲ့ ကယန်းတိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို စုစည်းပြီး ဖွဲ့စည်းထားတာလို့ သူက ပြောပါတယ်။
“တချို့ PDF ရှိမယ်၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေရှိမယ်၊ အစုအဖွဲ့တွေအများကြီး ရှိတာပေါ့နော်။ တခြားအဖွဲ့တွေနဲ့ အချိတ်အဆက်မိမိနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ KNA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ခွန်းဆောင်ဒူ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကယန်းဒေသတွေမှာ ပြန့်ကျဲနေသော ကယန်းတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ KNA တပ်ရင်း ၈ ခုမှာ တပ်ရင်းတစ်ခုတွင် အင်အား ၁၀၀ ခန့်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရ အဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြို့နယ် ၇ ခု၊ လူဦးရေ ၃ သိန်းခန့်ရှိတဲ့ ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက် နေတဲ့ တော်လှန်ရေးအင်အားစုပေါင်းစုံရှိပြီး ရောထွေးနေတဲ့ အနေအထားမှာ KNA ဆိုတဲ့ ကယန်းအမျိုးသားတပ်မတော်ကို ထပ်မံဖွဲ့စည်းလိုက်တာပါ။
ဒီလို အခြေအနေမှာ လူမျိုးကိုအခြေခံပြီး ဖွဲ့စည်းလိုက်တာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်တွေကြားမှာ ဝေဖန်ပြောကြားမှုတွေလည်း ဒီရက်ပိုင်းအတွင်း ဆူညံခဲ့ပါတယ်။
” တော်လှန်ရေးမှာ ကယန်းတွေပါပြီးသားပဲလေ၊ ခု ထပြီးထုတ်ပြန်တာက ကျွန်တော်လည်း သဘောမပေါက်ဘူး။ တိုင်းရင်းသားအားလုံးက တမျိုးတည်းပဲလို့ သတ်မှတ်တယ်လေ၊ ကရင်နီအမျိုးသားဆိုတာက အားလုံး လူမျိုးစုတွေပါပြီးသားပဲ။ ဒါပေမယ့်တချို့က ကရင်နီဆို ကယားပဲပါတယ်လို့ ဝါဒဖြန့်တာပါတယ်မျိုးပေါ့”လို့ ကရင်နီတပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဝေဖန်ပြောကြားပါတယ်။
ပြည်နယ် ၇ ခုတွင် အသေးဆုံးပြည်နယ်ဖြစ်တဲ့ ကရင်နီ(ကယား)ပြည်မှာ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီတပ်မတော် (KA)၊ ကယန်းပြည်သစ်ပါတီနဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စတဲ့ အတွေ့အကြုံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ရှိပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဖွဲ့စည်းလိုက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွှတ်ရေးအစိုး (NUG) ရဲ့ အလယ်ပိုင်းတိုင်းလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအပြင် ဒေသအခြေပြုပြီး လက်နက်ကိုင်တိုက်ခိုက်နေတဲ့ Local PDF တပ်ဖွဲ့တွေလည်း ရှိနေတာပါ။
“တော်လှန်ရေးကို ဆင်နွှဲရတဲ့အခါမှာ သစ္စာရှိမှု၊ ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု စတာတွေ ပြီးပြည့်စုံဖို့လိုတာပါပဲ။ ကျွန်တော်တို့ စစ်အာဏာရှင်ကို တိုက်ဖို့ လူတွေညီညွတ်နေဖို့လိုတယ်။ တကွဲတပြားနဲ့ လုပ်လို့မရဘူး။ ဒါသိပ်အရေးကြီးတယ်။ ကရင်နီပြည်မှာရှိတဲ့ လူမျိုးစုတိုင်းသည် ကျွန်တော်တို့ လူမျိုးစုပဲဖြစ်တယ်။ ဒီတော်လှန်ရေးတလျှောက်လုံးမှာ စစ်အာဏာရှင် လက်ကနေ လွတ်မြောက်ဖို့ အသက်သွေးချွေးတွေ မြောက်များစွာ ပေးဆပ်ခဲ့ရပြီးဖြစ်တယ်။ သူတို့ရဲ့ ပေးဆပ်မှုကို ဘယ်တော့မှ သစ္စာမဖောက်ဘူး”လို့ KNDF တပ်ရင်း ၁ က ရင်းမှူး ခွန်သောမတ်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင် တိုက်ခိုက်မှုများကြောင့် ကရင်နီက မြို့နယ်အားလုံးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အပါ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မယ်စဲ့နဲ့ ဖားဆောင်းမြို့နယ်တွေက လူဦးရေ ၃ သိန်းခွဲမှာ စစ်ရှောင်နေရပါတယ်။
လူဦးရေ ၁ သိန်းနီးပါဟာလည်း စားဝတ်နေရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ မလုံခြုံမှုတွေကို ခံစားနေရတယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကရင်နီပြည်တိုက်ပွဲတွေကြောင့် ပြည်သူ ၁၈၀ ကျော်သေဆုံးပြီး ၂၃၀ ကျော် ထိခိုက်ဒဏ်ရာရကာ အရပ်သား ၅၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့တဲ့ နာမည်ကြီး “၁၀၂၇ စစ်ဆင်ရေး” နဲ့ မရှေးမနှောင်း ကရင်နီမှာ ပြုလုပ်ခဲ့တဲ့ “၁၁၁၁ စစ်ဆင်ရေး” ကြောင့် ကရင်နီမြို့တော် လွိုင်ကော်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဒီ “၁၁၁၁ စစ်ဆင်ရေး” ကြောင့် စစ်ကောင်စီကလည်း ကရင်နီပြည်ကို လေကြောင်းတိုက်ခိုက်မှု ၅၁၉ ကြိမ်နဲ့ စံချိန်တင်တိုက်ခိုက်ခဲ့တယ်လို့ ISP Myanmar ရဲ့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းက အပြင်းအထန်တိုက်ခိုက်ခဲ့လို့ မြို့တော်ပြည်သူ အားလုံးနီးပါး မြို့ကို စွန့်ခွာသွားကြပါတယ်။
လက်ရှိအချိန်မှာ ကရင်နီရဲ့ မြို့အများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့တော်လွိုင်ကော် ပုံမှန်အတိုင်းပြန်လည်ပတ်ဖို့ ကြိုးစားနေပါတယ်။ ကရင်နီရဲ့ ကျေးရွာအများစုမှာတော့ တော်လှန်အဖွဲ့တွေက ထိန်းချုပ်ထားကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။
ရှမ်း-ကယားနယ်စပ်တွင် လက်ရှိအချိန်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူအများစုလည်း စစ်ဘေးရှောင်နေရပါတယ်။
CJ-004












