မဲခေါင်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ဂေါက်ကွင်းအနီးနဲ့ ရပ်ကွက်(၁)ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် ရပ်ကွက် (၁၁) ရှိဂေါက်ကွင်းအနီးမှာရှိနေတဲ့ အိမ်များပျက်စီးသွားပြီး သာသနာဘုန်တော်ကြီးကျောင်းကိုလည်း ပေါင်ချိန်များတဲ့ ဗုံး ၃လုံးကြဲချခဲ့ပြီး ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၂ ကြိမ်တိုက်ခိုက်သွားတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
လားရှိုးမှာ ကျန်ရှိနေတဲ့ ဒေသခံတစ်ဦးက “ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်လို့ ဒီမှာနေတဲ့သူတွေက မလုံခြုံတော့ဘူး၊ အဲ့တာကြောင့် အကုန်ကစစ်ရှောင်နေကြတယ်၊ ဒီနေ့လည်း ကြဲသွားတဲ့နေရာက လူတွေမရှိတော့ ရပ်ကွက်ဘက် ဂေါက်ကွင်းဘက်က ဗုံးခဏခဏကြဲချခံရတဲ့နေရာ “ လို့ပြောပါတယ်။
အဆိုပါ လားရှိုးမြို့ ဂေါက်ကွင်းအနီးကို ဗုံးကြဲတာကြောင့် နေအိမ်အများပျက်စီးသွားပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကိုစစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
MNDAA နဲ့ TNLA တပ်တို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံပြည်သူအများသေဆုံးကာ နေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အဆောက်အဦးများပျက်စီး နေပါတယ်။
MK 11











