မဲခေါင်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံ – ပင်လောင်း လမ်းတစ်လျှောက်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုတွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူကျေးရွာနဲ့ ဖယ်ခုံမြို့နယ်၊ လအိ၊ လတိန်ကျေးရွာ အနီးတစ်ဝိုက်နေရာတွေမှာ စက်တင်ဘာလ အစပိုင်းကတည်းနေ ဒီနေ့(အောက်တိုဘာ ၂၉)အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေ တိုးလာတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်က ထောင်ဂဏန်းလောက် တိုးလာတယ်။ တိတိကျကျတော့ ကျနော်တို့လည်း မကောက်နိုင်သေးဘူး။ အခုတိုးလာတာတွေက ဖယ်ခုံမှာ ကြဲနေလို့ ပြေးလာကြတာ” လို့ စစ်ဘေးရှောင်ထွက် နေသူတစ်ဦးက ပြောပါတယ်၊
တိုက်ပွဲတွေကြောင့် ဗန်းမောက်၊ ဆောင်လန်၊ နမ့်ဖာမူကျေးရွာတို့က စစ်ဘေးရှောင်တွေဟာ တောတောင်နေရာတွေမှာ ခိုလှုံနေရပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်တွေလည်း အများစုပါဝင်တာကြောင့် အဟာရပြည့်ဝဖို့လည်း စီစဉ်ပေးနေရတယ်လို့ စီစဉ်ဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုပါတယ်။
“မနေ့ညကြီး ကြဲလို့ ထပြေးလာကြတာ။ ဘာမှကို ပါမလာဘူး။ သူတို့လည်း ဝေးဝေးလံလံ သိပ်မရှောင်ကြတော့ဘူး။ စစ်ပွဲကကြာပြီဆိုတော့ ဒေသခံတွေလည်း အသားကျနေပါပြီ”
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တို့မှာ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုရှိပြီး မြေပြင်မှာ ကိုယ်တိုင်ရှိမနေတာကြောင့် တိတိကျကျ ရေတွက်လို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဇူလိုင်လကတည်းက တန်ပြန်ထိုးစစ်နဲ့အတူ တော်လှန်ရေး အင်အားစုတွေကို ခွဲထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွင်း နေရာစုံ အနှံ့အပြားမှာ တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။
MK-014













