မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်က ဖယ်ခုံမြို့ထဲက နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
အောက်တိုဘာလ တတိယအပတ်ကစပြီး ဆေးရုံကုန်းအနီးနားက နေအိမ်တွေကို တနေ့တလုံးနှုန်းနဲ့ မီးရှို့နေတယ်လို့ ဆိုပါတယ်။
“တနေ့ကို အိမ် တလုံး မီးလိုက်ရှို့နေတယ်။ တအိမ်ရှို့ပေမယ့် မီးကူးတော့ ဆက်တိုက်လောင်တာပဲပေါ့။ ခွေး(စစ်ကောင်စီတပ်)တွေက ခဏခဏတိုးလို့ ခဏခဏ ပွဲ ဖြစ်နေတာ။ သူတို့ဖက်က ပစ်ကွင်းရှင်းအောင်ရှို့တာ။ ပြီးတော့ အကြောက်တရားထည့်တာ၊ PDF တွေကြောင့် ပျက်စီးရတယ်ဆိုတာမျိုးပေါ့။ စိတ်မထင်ရင် မထင်သလို ရှို့ခဲ့တာ “လို့ တော်လှန်ရေးတပ် ရဲဘော်တစ်ဦးက ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေက နီးစပ်ရာ ဆွေမျိုးအိမ်နဲ့တခြား နေရာ ဒေသတွေမှာ စစ်ဘေးရှောင်နေကြပြီး အရင်တုန်းက တခါတလေ နေအိမ်ပြန်ကြည့်တာလောက်ပဲရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ်အရေအတွက် အတိအကျရဖို့ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“ဒီတခါတော့ ကိုယ့်အိမ်လည်း မလွတ်လောက်တော့ဘူး။ ၃၃၆ နဲ့ ကပ်ရပ်ပဲလေ အိမ်က။ အိမ်တွေလည်း တော်တော်ကုန်သွားပြီထင်တယ်။ သူတို့မှာ လုပ်စရာဆိုလို့ မီးရှို့တာ၊ သတ်ဖြတ်တာ၊ ခြိမ်းခြောက်ငွေညစ်တာ ဒါပဲရှိတယ်”လို့ စစ်ရှောင်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတွေက တိုက်ပွဲနဲ့ဝေးရာကို စစ်ရှောင်နေရတဲ့အတွက် ကိုယ့်အိမ်ရဲ့ အခြေအနေကို ပြန်ကြည့်ဖို့အတွက် ခက်ခဲနေပြီး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲ တလကျော်ကြာ ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက်အကျဆုံးရှိတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
CJ-004








