မဲခေါင်၊ အောက်တိုဘာ ၂၈
အောက်တိုဘာ ၂၇ ရက်နေ့ဟာ ညီနောင်မဟာတပ်ဖွဲ့တွေ ဖော်ဆောင်နေတဲ့စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး TNLA တပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်ဖွဲ့က နေရာတိုင်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ သိန္နီ၊ နောင်ချို၊ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲမှုပြုလုပ်နေတယ်လို့ ရှမ်းမြောက်ရှိ နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။
“ မနေ့တစ်နေကုန် စစ်တပ်က လေယာဉ်တဝီဝီနဲ့ အိပ်လည်းမအိပ်ရဲဘူး တစ်ညလုံးပဲ နမ့်ခမ်းဘက် သိန္နီဘက်တွေမှာ လေကြောင်းနဲ့ ဗုံးကြဲနေတယ်။ လေယာဉ်သံကြားနေသ၍တော့ ကတုတ်ကျင်းထဲနေရတယ်။ ဒီမနက်ထိတော့ စောင့်ကြည့်နေရတုန်းပဲ “ လို့ပြောနေပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်က စခန်းသစ်ကုန်းအနီးကို မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး နမ့်ခမ်းမှာရှိတဲ့ တရုတ်သင်ချိုင်းဘက်ကို လေယာဉ်ဝဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
နောင်ချိုမြို့နယ်က သပြေကျေးရွာကို မနေ့ည ၇ နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ဗုံးကြဲခဲ့တယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“ နောင်ချို့နဲ့ ပြင်ဦးလွင်ကြားမှာလည်း တအာင်းတပ်နဲ့ စစ်တပ်တို့က တိုက်ပွဲပြင်းထန်နေတယ်။ တိုက်လိုက် နားလိုက်နဲ့ မြေပြင်မှာလည်းလူအင်အားတွေဖြည့်နေတယ်။ မနေ့ဗုံးကြဲသွားတဲ့ ရွာလည်း ထိခိုက်မှုတော့ ကျနော်လည်း တိကျမရသေးဘူး” လို့ပြောပါတယ်။
ကိုးကန့်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို မနေ့ အောက်တိုဘာည ၁၂ နာရီအချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲချမှုကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရှိပြီး နေအိမ်နဲ့ ဟိုတယ်ပျက်ဆီးခဲ့ပြီး မနေ့ည ၉ နာရီ၅၀ မိနစ်မှာ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၈ လုံးထက်မနည်း ကြဲချသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သိန္နီမြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၃ မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်ကျောင်း ထွေအုပ်ရုံးနဲ့ ဒေသခံတွေရဲ့ နေအိမ်များထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုကိုတော့ အသိရသေးဘူးလို့ဆိုပါတယ်။
MK -011














