မဲခေါင်၊ အောက်တိုဘာ ၂၄
ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို မနေ့ အောက်တိုဘာ ၂၃ တစ်ရက်တည်းမှာ ၃ ခါ ဗုံးကြဲခဲ့လို့ လူနဲ့ အဆောက်အဦးတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်မှာ မနက် ၈း၃၅ နဲ့ မနက် ၁၀ နာရီတို့နဲ့ ညနေ ၃ နာရီဝန်းကျင်မှာ လားရှိုးကို စစ်ကောင်စီက ဗုံး၃ ခါ လာကြဲခဲ့တာဖြစ်ပါတယ်။
ညနေ ၃း၁၀ မှာကွဲတဲ့ဗုံးဟာ အမှတ်(၁ )ရဲစခန်းနဲ့ လားရှိုးအကျဥ်းထောင်ထဲ ကျရောက်ကာ မနက် ၁၀ နာရီကြဲတဲ့ ဗုံးကတော့ ရပ်ကွက် ၁၂ ထဲကျရောက်ပြီး မနက် ၈း၃၅ အချိန်ကြဲတာကတော့ လားရှိုးမြို့အဝင် ဆိုင်းဘုတ်နားက ရိုးရာဆန်အရက်ချက်စက်ရုံကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“အောက်ကပစ်လို့ အမြင့်ပျံကြဲတာ၊ ညနေကြဲတာ ထောင်ထဲ ၄ လုံးကျတယ်လို့ သိရတယ်။ ရဲစခန်း ရော အရက်ချက်စက်ရုံ အတော်ပျက်စီးတယ်၊ လူအထိအခိုက်ရှိပေမယ့် အသေးစိတ်တော့ကိုးကန့်က ထုတ်ပြန်ပါလိမ့်မယ် အနည်းဆုံးတော့ ၃ ဦးထက်မနည်းပဲ” လို့ လားရှိုးလူမှုကူညီသူ ၁ ဦးကပြောပါတယ်။
အောက်တိုဘာလ ၂၂ ရက် မနက် ၁၂း၁၀ နာရီမှာလည်း စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁၂ မာန်ဆူဘုရားအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ၃ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ကာ လာရှိုးမြို့ပြန်လည်ထူထောင်ရေးရဲ့ မှတ်တမ်းအရဗုံးကြဲမှု ၂၃ ခါရှိခဲ့ပြီး သေဆုံးဒဏ်ရာရ ထိခိုက်မှုတွေပိုမိုများပြားလာနေလို့ ဒေသခံတွေ မြို့ပေါ်ထက် အနီးအနားကရွာတွေကို ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။
MK-012













