မဲခေါင်၊ အောက်တိုဘာ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မန်ချက်ရွာကို စစ်ကောင်စီက အောက်တိုဘာလ ၁၀ရက် မနက်ပိုင်းအစောပိုင်း ၂နာရီခန့်မှာ လေကြောင်းက ဗုံးကြဲလို့ ဒေသခံ ၅ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ ကားတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ လူအိမ်မောကျနေချိန် လေကြောင်းကနေ ဗုံးကြဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာ ရရှိသူတွေရှိပြီး ဒေသခံတွေလည်း ထိတ်လန့်ကြတယ်လို့ မန်ချက်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့က အဲနားက ရွာမှာအိပ်တာ၊ အို ကမ္ဘာပျက်သလိုပဲ။ အရမ်းအိပ်မောကျနေချိန် လာကြဲတာလေ၊ ဗုံး ၃လုံးကျတယ်။ ဘာလေယာဥ်လဲတော့မသိဘူး။ လူတွေထိကြတယ်။ ကျမအခု ကွတ်ခိုင်ဘက်ခဏလာတာ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်ကနေ အောက်တိုဘာ ၆ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ရွာတွေမှာ ဒေသခံ ၅၅ဦး သေဆုံးခဲ့ရပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာ၉ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK – 012










